A Story Of HuaQiao

A Story Of HuaQiao Welcome to မြန်မာပြည်ဖွား တရုပ်မျိုးနွယ်များ ဒီဂျစ်တယ်မော်ကွန်းတိုက်

ရန်ကုန်က မြင်းလောင်းတဲ့ တရုပ်တွေ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မှာ ရွှေတိဂုံဘုရားကုန်းတော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်နိုင...
07/03/2026

ရန်ကုန်က မြင်းလောင်းတဲ့ တရုပ်တွေ

၁၈၅၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ မှာ ရွှေတိဂုံဘုရားကုန်းတော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ရန်ကုန်ဟာ ဗြိတိသျှအင်ပါယာရဲ့ အစိတ်အပိုင်း ဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းကစပြီး ရန်ကုန်ကို အင်္ဂလိပ်တို့က ခေတ်မီမြို့ပြအဖြစ် ပုံစံသစ် ပြန်လည်တည်ဆောက်ခဲ့တာ ပုံဖော်ပါတယ် မြို့ကွက်ကို အကွက်ချ ဖော်ထုတ်ခဲ့ပြီး ပန်းခြံ ကလပ်တွေ တင်းနစ်ကွင်း မြင်းပြိုင်ပွဲ လိုမျိုး အနောက်တိုင်း အပန်းဖြေမှုတွေဟာလည်း ရန်ကုန်မြို့ဆီ တဖြည်းဖြည်း ရောက်ရှိလာခဲ့တာပါ။

အစပိုင်း ရန်ကုန်ဟာ မြင်ပြိုင်ကွင်း‌ တွေမရှိ‌‌သေးပါဖူး မြင်းပွဲတွေရဲ့ အစဦးပိုင်းဟာ ဗြိတိသျှ ကိုလိုနီခေတ်ဦး (၁၉ ရာစုနှောင်းပိုင်း) ကတည်းက အမြစ်တွယ်ခဲ့တာပါ အင်္ဂလိပ်အရာရှိတွေဟာ သူတို့ရဲ့ အားလပ်ရက် အပန်းဖြေမှုအဖြစ် မြင်းစီးခြင်းနဲ့ မြင်းပြိုင်ခြင်းကို မြန်မာပြည်ဆီ ယူဆောင်လာခဲ့တာပါ အင်္ဂလိပ်တွေ ရန်ကုန်ကို သိမ်းပိုက်ပြီး နောက်ပိုင်းမှာ မြင်းပြိုင်ပွဲတွေကို အပျော်တမ်းစတင် ကျင်းပါတယ်။

မြင်းပွဲတွေကို စနစ်တကျ ကျင်းပနိုင်ဖို့အတွက် ၁၈၈၇ ခုနှစ် မှာ "ရန်ကုန်မြင်းစီးအဖွဲ့ချုပ်" (Rangoon Turf Club) ကို တရားဝင် တည်ထောင်ခဲ့ပါတယ်။ ဒါဟာ မြန်မာ့မြင်းပွဲသမိုင်းရဲ့ အရေးအကြီးဆုံး အလှည့်အပြောင်းပါပဲ။ အဲဒီနောက်ပိုင်းမှာ မြင်းပွဲတွေဟာ အလောင်းအစားနဲ့တကွ စနစ်တကျ ပေါ်ပေါက်လာပါတယ်။

အဲဒီအချိန်တုန်းက အခုလို ကျိုက္ကဆံကွင်းကြီး မရှိသေးဘဲ မိုင်ဒါကွင်း (Maidan) လို့ ခေါ်တဲ့ မြို့မကျောင်းလမ်း အ‌‌ပေါ်က မြေကွက်လပ်ကြီးမှာအဆောက်ဦတွေတည်ပြီး အသုံးပြုခဲ့တာပါ ကိုလိုနီခေတ်က ရန်ကုန်မှာ အထက်တန်းလွှာတွေနဲ့ အပတ်စဉ် ပိတ်ရက်တိုင်း တွေ့ဆုံဖြစ်ကြတာကတော့ မြင်းပြိုင်ကွင်းတွေမှာပဲဖြစ်ပါတယ်..။ မြင်းစီးအားကစားကို အင်္ဂလိပ်လူမျိုးများက ၂၀ ရာစုအစောပိုင်း မှာ ရန်ကုန်မြို့ပေါ်ကို ယူသွင်းလာကြတာဖြစ်ပါတယ်။အင်္ဂလိပ်တို့က ရန်ကုန်ကို "The Paris of the East" လို့ တင်စားခဲ့သလို၊ ရန်ကုန်မြင်းပွဲကိုလည်း အရှေ့တောင်အာရှမှာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခဲ့ ကြပါတယ်။

မြင်းစီးအားကစားနဲ့ မြင်းပြိုင်ကွင်းတွေကို သွားရောက်တာဟာ ဂုဏ်သရေရှိမိသားစုများသာ ပြုလုပ်တဲ့ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ကာလတွေမှာ ရန်ကုန်က လူချမ်းသာများဟာ ကိုယ်ပိုင်မြင်းတွေကို ဝယ်ယူပြီး ပရော်ဖက်ရှင်နယ် မြင်းစီးသမား (ဂျော်ကီ) များကို စီးနင်းစေကာ ပြိုင်ပွဲဝင်တဲ့အလေ့အထတစ်ခုရှိတယ်လိုဆိုပါတယ်

အစောပိုင်း အင်္ဂလိပ်ခေတ် မြင်းပွဲတွေမှာ မြန်မာလူမျိုးတွေကို ပွဲကြည့်စင် အနိမ့်ပိုင်းမှာပဲ ကြည့်ခွင့်ပေးခဲ့ပေမဲ့၊ ၁၉၅၀ ဝန်းကျင် ရောက်တဲ့အခါမှာတော့ မြန်မာတွေဟာ အထူးတန်းတွေမှာ တိုက်ပုံအင်္ကျီတွေနဲ့ ခန့်ခန့်ထည်ထည် နေရာယူနိုင်ခဲ့ကြပါပြီ။

လက်ရှိ ကျိုက္ကဆံ မြင်းပြိုင်ကွင်းဟာ ကိုလိုနီခေတ်များအတွင်းက Rangoon Turf Club လို့ခေါ်တွင်တဲ့ မြင်းပြိုင်ကွင်းတစ်ခုပါ ၁၈၈၇ နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခင်က မိုင်ဒါကွင်းနေရာမှာ ထားရှိခဲ့ပါတယ် သူဌေးကြီး လင်ချင်းချောင်းက ဒီကလပ်ရဲ့ ဥက္ကဌဖြစ်ခဲ့ပါသေးတယ်။

၁၉၂၆ မှာတော့ ပြိုင်ကွင်းကို ကျိုက္ကဆံသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းကို အချိန် ၇ နှစ် ကြာအောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က လူဖြူများသာ သွားလာကြတဲ့ အခြားသော ကလပ်များနဲ့ မတူတာကတော့ Turf Club ဟာ နိုင်ငံခြားသား လူဖြူမဟုတ်သူများကိုပါ ဝင်ခွင့်ပေးတာပါပဲ။

အဲဒီခေတ်က အင်္ဂလိပ်အင်ဂျင်နီယာတွေဟာ မြင်းပြိုင်ကွင်းကို အာရှမှာ အခမ်းနားဆုံးဖြစ်အောင် ပုံစံထုတ်ခဲ့ပါတယ် မြင်းတွေကို ထိန်းကျောင်းတဲ့ ဇောင်းတွေ၊ ပွဲကြည့်စင်တွေနဲ့ လောင်းကြေး တွက်ချက်တဲ့ စက်ကြီးတွေကို အင်္ဂလန်ကနေ တိုက်ရိုက်မှာယူ တပ်ဆင်ခဲ့ပါတယ်။ ၁၉၂၀ ဝန်းကျင်မှာ တပ်ဆင်ခဲ့တဲ့ လောင်းကြေးတွက်စက်ကြီး (Tote) ဟာ အဲဒီခေတ်က အင်ဂျင်နီယာအတတ်ပညာရဲ့ အထွတ်အထိပ်ဖြစ်ပြီး အင်္ဂလန်က အက်စကော့ (Ascot) ကွင်းမှာ သုံးတာနဲ့ တစ်ပုံစံတည်း ဖြစ်တယ်လိုဆိုပါတယ်

ကိုလိုနီခေတ်ရဲ့စီပွားရေးဟာ ရန်ကုန်မှာစုံစည်းနေသလို အပျော်အပါးမျိုးစုံဟာလည်း ရန်ကုန်မှာ စုနေတာ ပေါ့ ထိုထဲကမှထူးထူးခြား တန်‌လွေ တို့ အဖောင်းတို့လို လုပ်ငန်းရှင်တွေရဲ့

မြင်းပြိုင်ကွင်းခေါ်တဲ့ကျိုက္ကဆံကွင်းမှာမြန်မာ့သမိုင်းမှာကြီးကျယ်တဲ့အထင်ကရနောက်ခံတွေအများကြီးရှိခဲ့တယ်။ဂျပန်ကျုးကျော်ထားတဲ့ဗမာပြည်ကိုကိုလိုနီအရှင်ဟောင်းအင်္ဂလိပ်က ၁၉၄၄-၄၅ ခုနှစ် မှာပြန်သိမ်းပိုက်နိုင်ခဲ့တယ်။ဒါကြောင့် "Victory Gymkhana" ခေါ်တဲ့အကအလှနဲ့ အားကစားပြိုင် ပွဲကြီးကိုကျိုက္ကဆံမြင်းပြိုင်ကွင်းမှာအုပ်ချုပ်တဲ့အင်္ဂလိပ်ကစီစဉ်ကျင်းပခဲ့တယ်။Gymkhana (ဂျင်မခါနာ) ဆိုတာကုလား(အိန္ဒိက)စကားဖြစ်ပြီးလူငယ်များအတွက်အားကစားပွဲနဲ့စုပေါင်းပဒေသာကပွဲကြီးပါဝင်တဲ့စုံညီပွဲတော်ကြီး လို့ အဓိပ္ပာယ်ရပါတယ်တဲ့။
Victory Gymakhana ခေါ် လူငယ်များအတွက် အားကစားပွဲနဲ့စုပေါင်း ပဒေသာကပွဲကြီးပါဝင်တဲ့စုံ ညီပွဲတော်ကြီးမှာ မြင်းပြိုင်ပွဲ မြင်းလှည်းပြိုင်ပွဲ နွားလှည်းပြိုင်ပွဲတွေနဲ့အ ခြားပြေးခုန်ပစ်အားကစားပြိုင်ပွဲ များကိုမြင်းပြိုင်ကွင်းမှ အကြီးအကျယ်ကျင်းပခဲ့ကြပါတယ် ဗမာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် ကိုယ်တိုင်တက်ရောက်ပြီး Grand Stand ခေါ်တဲ့ VVIP အထူးတန်းက ခြိမ့်ခြိမ့်သည်း ကျင်းပနေတဲ့ ဂျင်မခါနာပွဲတော်ကြီးကိုအားပေးခဲ့ကြပါတယ်။
အမေရိကန်လေတပ် C-46 ပို့ဆောင်ရေး လေယာဉ်ပျံကြီးက ကျိုက္ကဆံကွင်းအပေါ်အနှိမ့်ပျံပြီး ပွဲတော်ကြီးကိုဂုဏ်ပြုခဲ့ကြသလို ဘုရင်ခံကိုယ် တိုင်တက်ရောက်လို့အဲ့ဒီခေတ်အကြီးကျယ်ဆုံး ပွဲလမ်း သဘင်ကြီးတစ်ခုဖြစ်ခဲ့တယ်။
အင်္ဂလိပ်တွေ ထွက်သွားပေမဲ့ မြင်းပွဲယဉ်ကျေးမှုက ကျန်ရစ်ခဲ့ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာလူမျိုးတွေကပဲ RTC ကို ဆက်လက်ဦးစီးခဲ့ပါတယ်။ အဲဒီအချိန်မှာ မြန်မာပိုင်ရှင်တွေ၊ မြန်မာဂျော်ကီတွေ ပိုမိုများပြားလာပြီး "မြင်းပွဲအောင်ဘာလေ" စနစ် ဟာလည်း အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

စနေနေ့တိုင်း ကျိုက္ကဆံကွင်းဟာ လူတိုးမပေါက်အောင် စည်ကားခဲ့ပြီး ရန်ကုန်ရဲ့ စီးပွားရေး အချက်အချာတစ်ခု ဖြစ်လာခဲ့ပါတယ်။The Rangoon Gazette မှာ မြင်းပွဲနေ့အငွေ့အသက်ကို ဒီလို ဖော်ပြဖူးပါတယ် "မြင်းပွဲနေ့ဆိုလျှင် ရန်ကုန်သည် တစ်မြို့လုံး လှုပ်ခါနေသကဲ့သို့ရှိသည်။ အင်္ဂလိပ်အရာရှိတို့၏ ဖော့ဦးထုပ်ဖြူဖြူများ၊ မြန်မာသူဌေးတို့၏ ပိုးပုဆိုးရောင်စုံများနှင့် တရုတ်၊ အိန္ဒိယကုန်သည်တို့၏ ထူးခြားသော ဝတ်စုံများသည် ကွင်းပြင်တစ်ခုလုံးကို ပန်းခင်းကြီးတစ်ခုပမာ ဖြစ်စေသည်” ဟု ရည်ညွှန်း ရေးသားထားပါတယ်။

ကိုလိုနီခေတ်သာမက လွတ်လပ်ရေးရခါစ အချိန်တွေအထိ မြင်းပြိုင်ပွဲတွေဟာ အလွန် ခေတ်စားခဲ့ ပါတယ် မြင်းပြိုင်ကွင်းရဲ့ မနီးမဝေးမှာ သူဌေးကြီးတွေဟာ ခြံအကျယ်ကြီးတွေနဲ့ ပြိုင်မြင်းပေါင်းများ စွာကို မွေးမြူလေ့ကျင့်ခဲ့ကြပါတယ် အနိုင်ရတဲ့ မြင်းတွေ ၊ ဂျော်ကီ(မြင်းစီးသမား) တွေဟာအလွန် မျက်နှာပွင့်ပါသတဲ့။

ဗြိတိသျှ မှတ်တမ်းတွေအရ ရန်ကုန်မြင်းပွဲမှာ မြင်းအမျိုးအစား (၂) မျိုးကို အဓိက ခွဲခြားထားပါတယ်တဲ့
ဒါတွေကတော့ ဥရောပနဲ့ သြစတြေးလျက တင်သွင်းတဲ့ မြင်းကြီးတွေပါ။ ဒါတွေကို "အထူးတန်း" အနေနဲ့ ပြိုင်ခိုင်းပါတယ်။

ဒုတိယအနေဖြင့် ကတော့ ဒေသခံ မြန်မာမြင်း (သို့မဟုတ်) ရှမ်းမြင်းတွေပါ။ အင်္ဂလိပ်တွေက မြန်မာမြင်းငယ် (Ponies) တွေရဲ့ သန်စွမ်းမှုနဲ့ ဇွဲရှိမှုကို အထူးတလည် မှတ်တမ်းတင်ခဲ့ကြပါတယ်။ "အရွယ်အစား သေးပေမဲ့ စိတ်ဓာတ်ကတော့ ခြင်္သေ့လိုပဲ" လို့ မှတ်တမ်းတွေမှာ တင်စားထားပါတယ်။

၁၉၅၀ ဝန်းကျင်က မြင်းပွဲသွားကြည့်တာဟာ အပန်းဖြေရုံသက်သက်မဟုတ်ဘဲ High Society လို့ခေါ်တဲ့ အထက်တန်းလွှာတွေရဲ့ ဆုံရပ်တစ်ခုပါ အမျိုးသားတွေက တိုက်ပုံ၊ ရွှေတဆုပ် ဘန်ကောက်ပိုးလုံချည် သပ်သပ်ရပ်ရပ်နဲ့ လာတတ်ကြသလို၊ အနောက်တိုင်းဝတ်စုံ အပြည့်အစုံနဲ့ လာသူတွေလည်း ရှိပါတယ် အမျိုးသမီးတွေကလည်း အလှဆုံး နိုင်လွန်ဇာ ပါးပါးကြည်ကြည် အင်္ကျီတွေနဲ့ ခေတ်ဆန်ခဲ့ကြတာပေါ့

နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ် ဦးနု နဲ့ နိုင်ငံခြားသံတမန်တွေ ကိုယ်တိုင် မြင်းပွဲတွေကို တက်ရောက်လေ့ရှိပြီး ဂုဏ်ထူးဆောင်ဆုတွေ ပေးအပ်လေ့ရှိတယ်လို့လဲ မှတ်သားရပါတယ်နာမည်ကြီး အင်္ဂလိပ်စာရေးဆရာ Norman Lewis လို ပုဂ္ဂိုလ်မျိုးတွေက သူတို့ရဲ့ ခရီးသွားမှတ်တမ်းတွေမှာ ၁၉၅၀ ဝန်းကျင် ရန်ကုန်ရဲ့ အငွေ့အသက်ကို ဒီလိုရေးသားခဲ့ဖူးပါတယ်။

"နိုင်ငံရေးတွေ ဘယ်လိုပဲ ရှုပ်ထွေးနေပါစေ၊ စနေနေ့ မြင်းပွဲနေ့ ရောက်ပြီဆိုရင်တော့ ရန်ကုန်သားတွေဟာ အရာအားလုံးကို မေ့ပစ်ပြီး မြင်းခွာသံနောက်မှာ ဘဝကို ပျော်ပျော်ပါးပါး မြှုပ်နှံထားကြတယ်" လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် စနေနေ့ မွန်းလွဲပိုင်း တွေမှာ ကျင်းပလေ့ရှိပါတယ်။ ရန်ကုန်မြို့ထဲကနေ ကျိုက္ကဆံကွင်းကို သွားတဲ့ ဘတ်စ်ကားတွေ၊ တက္ကစီတွေဟာ လူတွေနဲ့ ပြည့်နှက်နေပြီး မြင်းပွဲအဖြေကို စောင့်ကြည့်နေတဲ့ ရေဒီယိုနားထောင်သူတွေကလည်း မြို့အနှံ့မှာပါ။

မြင်းပွဲနေ့ဆိုရင် ကျိုက္ကဆံကွင်းတစ်ဝိုက်မှာ ကားတွေ၊ ရထားတွေနဲ့ လာကြသူတွေ ပြည့်နှက် နေတတ်ပါတယ်။ မြင်းဒိုင်တွေဆီက မြင်းအခြေအနေ (Tips) တွေကို နားစွင့်နေကြတဲ့ "မြင်းဝါသနာအိုး" တွေရဲ့ စကားသံတွေဟာ ရန်ကုန်ရဲ့ စနေ၊ တနင်္ဂနွေ ညနေခင်းတွေကို ပိုပြီး သက်ဝင်စေခဲ့တာပါ

အင်္ဂလိပ်ခေတ်က ကျန်ခဲ့တဲ့ Rangoon Turf Club ရဲ့ Clubhouse ဟာ ၁၉၅၀ ကျော်အထိ အနောက်တိုင်းစတိုင် အလွန်ကျန်ပါသေးတယ်။ ဂျင် (Gin & Tonic) သောက်ရင်း မြင်းပွဲကြည့်တဲ့ အစဉ်အလာဟာ အင်္ဂလိပ်တွေ ထွက်သွားပြီးနောက်ပိုင်းမှာလည်း လူကုံထံ မြန်မာတွေကြား ကျန်ရစ် ခဲ့ပါတယ်။

အဲဒီအချိန်က Rangoon Turf Club (RTC) ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးနဲ့ အသန့်ရှင်းဆုံး မြင်းပြိုင်ကွင်းစာရင်းဝင်ပြီး ပွဲကြည့်စင်ကြီးတွေက အထပ်လိုက်ရှိပြီး အထူးတန်းတွေမှာဆိုရင် အနောက်တိုင်းကဲ့သို့ ဝန်ဆောင်မှုအဖြစ် လက်ဖက်ရည်၊ မုန့်နဲ့ အဖျော်ယမကာတွေ ပါရရှိပါတတ် သေးပါတယ်

မြင်းပြိုင်လမ်းကြောင်း (Track) ကိုလည်း စနစ်တကျ ပြုပြင်ထိန်းသိမ်းထားပြီး မြင်းခွာသံတွေဟာ တစ်ကွင်းလုံး ဟိန်းနေတတ်ပါတယ်။ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ စော်ဘွားတွေနဲ့ ဝန်ကြီးဟောင်းတွေဟာ ကိုယ်ပိုင်မြင်းဇောင်းတွေ ထားတတ်ပါတယ် သူတို့ရဲ့ မြင်းက ပြိုင်ပွဲမှာ နိုင်ရင် အောင်ပွဲခံပြီး သူတို့ရဲ့ကြွယ်ဝမှုနဲ့ ဂုဏ်အင်္ဂါကိုဖော်ညွန်းတာပါပဲ

ထိူချိန်က မြင်းစီးသူ (ဂျော်ကီ) တွေဟာလည်း အဲဒီခေတ်က ကြယ်ပွင့် (Stars) တွေလိုပါပဲ။ နာမည်ကြီး ဂျော်ကီတွေဆိုရင် ပရိသတ်က တစ်ခဲနက် အားပေးကြပြီး သူတို့စီးတဲ့မြင်းကိုပဲ လောင်းကြသူတွေ အများကြီးပါ ဂျော်ကီတွေက အရောင်စုံ ပိုးအင်္ကျီ (Silks) တွေ ဝတ်ရပါတယ် မြင်းရှင် တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင်အရောင်နဲ့ တံဆိပ်ရှိပါတယ်

ဂျော်ကီတွေက မြင်းကို ဘယ်အချိန်မှာ အရှိန်တင်ရမလဲ၊ ဘယ်အချိန်မှာ အားချန်ထားရမလဲဆိုတာ "အကွက်" ချပြီး စီးရတာပါ။ ပရိသတ်ကလည်း ဂျော်ကီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ပြီး "ဒီဂျော်ကီကတော့ ကလိန်ကကျစ်များတယ်" ဒါမှမဟုတ် "ဒီဂျော်ကီကတော့ ဖြောင့်တယ်" စသဖြင့် ဝေဖန်ကြပါတယ်။

၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ တော်လှန်ရေးကောင်စီက လောင်းကစားမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြင်းပြိုင်ပွဲတွေကို ရပ်နားလိုက်ပါတယ်။ မြင်းမြင်းလောင်းဝါသနာပါတဲ့ ဗိုလ်နေဝင်း က မြန်မာပြည်က မြင်းပွဲတွေကို ပိတ်ပြီး နိုင်ငံခြားမှာဆေးကုမယ် အကြောင်းပြပြီး မြင်းသွားလောင်းနေလေရဲ့ အဲဒီအခါမှာ ကျိုက္ကဆံကွင်းကြီးဟာ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး မြင်းဇောင်းတွေလည်း ပျောက်ကွယ် သွားခဲ့ပါတယ်။ ဒါကြောင့် လူကြီးတွေက ၁၉၅၀ ကို "မြင်းပွဲတွေရဲ့ နောက်ဆုံးရွှေခေတ်" လို့ လွမ်းတကြတာပေါ့

မြင်းပွဲ မန်ဘာလူကြီးတွေရွေးတာကိုလည်း ထိုခေတ်က အရမ်းစိတ်ဝင်းစားကြပါတယ် ၁၉၆၀-၆၁ က ဒါရိုက်တာလူကြီးတွေကတော့ ဦးဖိုးဗြော့၊ စီစီခူး၊ ဦးအောင်ခိုင်၊ ဒေါက်တာဘသန်း ၊ ဗိုလ်ရဲလှ၊ ဦးစံလွင်၊ ဦးကျော်စိန်၊ ဦးစမ်းမောင်၊ ဦးထွန်းတင်၊ ဒေါက်တာထွန်းမင်း၊ ဒေါက်တာကိုကြီး၊ ဦးထွန်းဦးတို့ ဖြစ်ကြပါသတဲ့

မြင်းပွဲဒါရိုက်တာရွေးချယ်ပုံကတော့ မြင်းပြိုင်ကွင်းရှိ လဖက်ရည်ခန်းမဆောင်မှာ ကျင်းပပြီ အသင်းသား ၄၀၀ တက်ရောက်ကြပါတယ် ပုံမှန်ကတော့ သဘာပတိကို ဦးဖိုးဗြော့ကလုပ်၍ ၁၉၆၀ ခုမှာတော့ ဘဘာပတိအဖြစ် တရားဝန်ကြီးဦးအောင်ခိုင် သဘာပတိအဖြစ်ဦးစီးပါတယ် အစည်းဝေးမှာ ၁၉၅၉-၆၀ မြင်းအသင်း ၏အုပ်ချုပ်ရေးအဖွဲ့ နှင့်စတူးဝပ်လူကြီးမင်းများက နှစ်ပတ်လည် အစီရင်ခံစာတင်သွင်း ပြီး လူကြီးများကိုရွေးချယ်ပါတယ်

မြင်းပွဲဝါသနာပါတဲ့တရုပ်တွေထဲမှာ လွှတ်တော်တရားဝန်ကြီး အယ်ချွန်းဖောင် ဟာ အလုပ်ထဲစိတ်ပိသမျှ မြင်ပွဲသွားကြည့်ပြီး ဖြေဖြ‌ေဖျာက်တတ်ပါသေးတယ် နန်ယန်ကျောင်းသားတွေ ကျောင်းပြေးပြီး မြင်းပွဲ သွာခိုးကြည့်တာကို သူ့တို့ထက်အရင် နေမကောင်းလို့ခွင့်တိုင်ထားတဲ့ ကျောင်းဆရာနဲ့ တိုးလို့ ဆရာကရှက်စနိုးနဲ့ တူတူကြည့်ကြတာပေါ့ကွာလို့ ပြောတာကို ဦးဘန်လို့ ခေါ်တဲ့ တန်ဘန်ဟွင်းက ဟာဟနှောပြောပြပါတယ်

မဆလခေတ် (၁၉၇၄-၁၉၈၈) အရောက်မှာတော့ ဗိုလ်နေဝင်းက သူမြင်းလောင်းဖူးတဲ့ ကျိုက္ကဆံကွင်းကြီး မှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဋ္ဌာနဆိုင်ရာ ပြခန်းများ ကိုမီးရောင်စုံလင်းထိန်နေအောင်ထွန်းပြီး ကျင်းပခဲ့ကြဖူးတယ် မြန်မာတပြည်လုံးက အကြီးဆုံး ချားရဟတ်ကြီးတွေကို မီးတွေထိန်နေအောင် ထွန်းပြီးလူတွေကျိတ်ကျိတ်တိုးအပျော်စီးခဲ့ကြတယ်လို သိမှီသူတွေကဆိုပါတယ်

မဆလခေတ်က ရန်ကင်းကိုဖြတ်ပြီး လက်ဆင့်ကမ်းသယ်ယူလာတဲ့ ပြည်ထောင်စုအလံတော်ဟာ ကျိုက္ကဆံကွင်း လူထုဟောပြောပွဲစင်မြင့်ပေါ်မှ နောက်ဆုံးနေရယူခဲ့တယ် မဆလဗိုလ်နေဝင်း အစိုးရ၏ နှစ်တိုနှစ်ရှည်စီမံကိန်းဆိုပြီး ဝန်ကြီးဌာနတွေရဲ့စီမံကိန်းအမျိုးမျိုးကို ကျိုက္ကဆံကွင်းမှာ သရုပ်ပြပုံစံနဲ့ငွေ အများကြီးအကုန်ခံပြီး ပြခန်းနဲ့စည်ကားအောင် ဝါဒဖြန့်ခဲ့ကြတယ် သာမန်လူ ဝယ်ယူခွင့်မရှိတဲ့ အစိုးရစက်ရုံအလုပ်ရုံထုတ်ကုန် ပစ္စည်းအချို့ကို ပြည်သူကိုတန်းစီစနစ်နဲ့ ဦးရာလူ ရောင်းပေးခဲ့ကြသလို တန်းစီစရာမလိုတဲ့ VIP များလည်းထုံးစံအတိုင်း ရှိကြတယ် ပြန်ရောင်းစားရင် ကိုက်လို့သာမန် ပြည်သူတွေ ကျိတ်ကျိတ်တိုးဝယ်ယူပြီး ပြန်ရောင်းစားတဲ့‌‌ မှောင်ခို အားပေးခေတ် တခေတ်ဖြစ်ခဲ့ပါ တယ်တဲ့

နာမည်ကြီးအနုပညာရှင်အကုန်နီးပါးပါတဲ့ရုပ်ရှင်ဂီတသဘင်ဖျော်ဖြေပွဲကိုမဆလခေတ်ရေပေါ်ဆီလူတန်းစားအတွက်အခမဲ့ဖျော်ဖြေပေးခဲ့ကြတယ်။နာမည်ကြီးဇတ်သဘင်ဖျော်ဖြေတဲ့နေ့ဆိုရင်လက်မှတ်မရှိလို့ရုံထဲဝင်ခွင့်မရတဲ့သာမန်လူတန်းစားဟာဇတ်ရုံထဲကပြောသံငိုသံကိုပွဲခင်းအပြင်မှာ ရသေ့စိတ်ဖြေ ထိုင်နာ းထောင်ပြီးကျေနပ်ခဲ့ကြရလေသည့်ဟု ကိုလွင်ဦး ပိုစ်မှာရေးသားဖူးပါတယ်

ကိုးကား
ရန်ကုန်ဂေဇက်တီယား
မြန်မာ့အလင်း ၁၉၆၀
လွင်ဦး(ရန်ကင်း) ပိုစ်တခု
အင်တာနက်‌ပေါ်မှ မြင်ပြိုင်ကွင်း နှင့်ပတ်သတ်သည့် အချက်အလက်များ

#မြင်ပြိုင်ကွင်းများ #ကိုလိုနီခေတ် #ပါလီမန်ဒီမိုကရေစီခေတ် #တရုပ်လူမျိုးများ
#မြန်မာပြည်တရုတ်နွယ်ဖွားများဒီဂျစ်တယ်မော်ကွန်းတိုက်

大金塔下伊江之滨,生活着我们快乐的一群
05/03/2026

大金塔下伊江之滨,生活着我们快乐的一群

"ဝါဒဖြန့်ခြင်းမှသည် အနုပညာဆီသို့ - တရုတ်တော်လှန်ရေး တေးသရုပ်ဖော်များ (၁၉၄၀-၁၉၆၀)”ဒီဝါဒဖြန့်မှုတွေရဲ့ ပထမဆုံး "မျိုးစေ့" ...
24/02/2026

"ဝါဒဖြန့်ခြင်းမှသည် အနုပညာဆီသို့ - တရုတ်တော်လှန်ရေး တေးသရုပ်ဖော်များ (၁၉၄၀-၁၉၆၀)”

ဒီဝါဒဖြန့်မှုတွေရဲ့ ပထမဆုံး "မျိုးစေ့" ဟာ ၁၉၄၂ ခုနှစ်၊延安 (Yan'an) ဒေသမှာ ကျင်းပတဲ့ 延安文艺座谈会 ဆိုတဲ့ ယန်အန် စာပေနှင့် အနုပညာ နှီးနှောဖလှယ်ပွဲ ကစတင်လာတာ ဖြစ်ပါတယ်။ထိုစဉ်က ကွန်မြူနစ်ပါတီဟာ တောင်တန်းဒေသတွေမှာ အခြေစိုက်နေရပြီး လူထုကို စည်းရုံးဖို့ ခက်ခဲနေချိန်ပါ
မော်စီတုန်းက "အနုပညာဟာ နိုင်ငံရေးအတွက် ဖြစ်ရမယ်၊ အလုပ်သမား၊ လယ်သမား၊ စစ်သားတွေ နားလည်တဲ့ အနုပညာဖြစ်ရမယ်" လို့ လမ်းညွှန်ခဲ့တဲ့ပွဲပါ အဲ့ဒီကနေစပြီး ရှုပ်ထွေးတဲ့ ရှေးဟောင်း အနုပညာတွေအစား ရိုးရှင်းပြီး စိတ်ဓာတ်တက်ကြွစေတဲ့ "တော်လှန်ရေး အနုပညာ" (Revolutionary Art) တွေကို စတင်သန္ဓေတည်ခဲ့တာပဲဖြစ်ပါတယ်။

ရှေးတုန်းကတော့ တရုတ်ရိုးရာ ကျေးလက်ဂီတတစ်ခုဖြစ်တဲ့ 秧歌 (Yāngge) ဆိုတဲ့ လယ်သမားတွေ ကပြလေ့ရှိတဲ့ ဒီအကကို ကွန်မြူနစ်ပါတီက ယူလိုက်ပြီး စာသားတွေကို "မြေရှင်စနစ် တိုက်ဖျက်ရေး"၊ "ဂျပန်တော်လှန်ရေး" ဆိုပြီး ပြောင်းလဲခဲ့တာပါ

ဒီအကတွေကနေတစ်ဆင့် ပထမဆုံးသော ဝါဒဖြန့် အော်ပရာကြီးဖြစ်တဲ့ 《白毛女》(Bái Máo Nǚ) ပေါ်ပေါက်လာပါတယ်။ ဒါဟာ တရုတ်ဝါဒဖြန့် အနုပညာသမိုင်းမှာ အရေးပါဆုံး အစပြုမှုပါနောက်ပိုင်း အော်ပရာကြောင်းပြောပြပါ့မယ်

၁၉၄၉ မှာ ကွန်မြူနစ်အစိုးရ တက်လာပြီးနောက်ပိုင်း အနုပညာပုံစံကို စနစ်တကျတည်ဆောက်လာ ပါတယ် နိုင်ငံတော်သစ် ထူထောင်ပြီးနောက်မှာတော့ ဒီအနုပညာတွေဟာ ရိုးရာကွက်စိပ်အဆင့်ကနေ ဆိုဗီယက် (Soviet Union) ရဲ့ အကူအညီနဲ့ ပိုပြီး ခေတ်မီလာပါတယ်။ ဆိုဗီယက် ဂီတပညာရှင်တွေ၊ ဘဲလေးဆရာတွေ တရုတ်နိုင်ငံကို လာရောက်ပြီး အနောက်တိုင်း သံစုံတီးဝိုင်း (Orchestra) နည်းစနစ် တွေကို သင်ကြားပေးခဲ့ပါတယ်။ ဒီအချိန်မှာ တရုတ်ရိုးရာသံစဉ်တွေကို အနောက်တိုင်း တူရိယာတွေနဲ့ ခန့်ခန့်ညားညား တီးခတ်တဲ့ စတိုင်လ် စတင်ဖြစ်ပေါ်လာပါတယ်။

၁၉၄၀ ကနေ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ ဝါဒဖြန့်အနုပညာမှာ အနောက်တိုင်း တေးဂီတ (Western Classical Music) ကို တရုတ်ရိုးရာနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် မော်စီတုန်း ရဲ့ "အနောက်တိုင်းပညာကို တရုတ်နိုင်ငံအတွက် အသုံးချရန်" (Make foreign things serve China) ဆိုတဲ့ မူဝါဒကြောင့် ဖြစ်ပါတယ်။

ထိုခေတ်က မဟာမိတ်ဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုဆီက "Socialist Realism" (ဆိုရှယ်လစ်လက်တွေ့ဝါဒ) ကို အတုပြီး အလုပ်သမား၊ လယ်သမားတွေဟာ သန်မာရမယ်၊ ပျော်ရွှင်ရမယ်၊ အမြဲတမ်း အောင်ပွဲခံနေရမယ်ဆိုတဲ့ ပုံစံမျိုးဖြင့် အနောက်တိုင်းကလာတဲ့ ဘဲလေးအကကို တရုတ်ရိုးရာကကွက်တွေနဲ့ ပေါင်းစပ်ဖို့ စမ်းသပ်ခဲ့ကြပါတယ်။ ဒါဟာ ၁၉၆၀ ခုနှစ်တွေမှာ ခေတ်စားလာမယ့် "အနီရောင်ဘဲလေး" တွေရဲ့အစပါအနောက်တိုင်း ဘဲလေးကကွက်ကို သေနတ်ကိုင်တဲ့ စစ်သားပုံစံတွေနဲ့ ရောနှော တီထွင်ခဲ့ပြီး သူရဲကောင်းတွေကို အနီရောင် (တောက်ပသော)၊ ရန်သူတွေကို အမည်းရောင် (မှောင်မိုက်သော) အသွေးအယောင်တွေနဲ့ သိသာအောင် ခွဲခြားထားပါတယ်။

ထိုခေတ်က Red Detachment of Women လို့ခေါ်တဲ့ အမျိုးသမီး စစ်ကြောင်းအကြောင်း တော်လှန်ရေး မိသားစုအကြောင်း ပြဇာတ် တွေနှင့် စစ်တပ်နဲ့ ပြည်သူ ဆက်ဆံရေး အကြောင်းဝါဒဖြန့်ချီတဲ့ တရုတ်ဝါဒဖြန့် တေးသရုပ်ဖော်တွေ ပြဇာတ်တွေသာကပြခဲ့တာပါ ဒီပြဇာတ်တွေ တေးသရုပ်ဖော်တွေဟာ "လှပရမယ်၊ တောက်ပြောင်ရမယ်၊ ခန့်ညားရမယ်" ဆိုတဲ့ မူဝါဒ တွေရှိပါတယ် ဒါကြောင့် ကကွက်တွေကိုကြည့်ရင် အလွန်စနစ်ကျပြီး စိတ်ဓာတ်တက်ကြွစေတဲ့ စည်းချက်တွေကို သုံးပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးကာလ မှာ စံပြပြဇာတ် (样板戏) တွေအတွက် ဂီတကို ဖန်တီးတဲ့အခါ အနောက်တိုင်းတူရိယာတွေကို အကြီးအကျယ် အသုံးပြုခဲ့ပါတယ် နောက်ပိုင်း ပီကင်းအော်ပရာ (Peking Opera) တွေကို ရှေးဟောင်းတူရိယာလေးတွေနဲ့ပဲ မတီးတော့ဘဲ၊ အနောက်တိုင်းက Violin, Cello, Trumpet နဲ့ Piano တွေကို သုံးပြီး ပိုမိုခန့်ညားအောင် တီးခတ်ခဲ့တာပါပဲ အကျော်ကြားဆုံးကတော့ 《黄河》(Huánghé) လို့ခေါ်တဲ့ Yellow River Piano Concerto ဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာကျော် အနောက်တိုင်း ပီယာနိုတီးခတ်မှု ပညာရပ်ကို တရုတ်တော်လှန်ရေး သီချင်းတွေနဲ့ ပေါင်းစပ်ထားတာပါ။

《红色娘子军》(Red Detachment of Women) မှာဆိုရင် အနောက်တိုင်း ဘဲလေးဂီတ တည်ဆောက်ပုံအတိုင်း ရေးစပ်ထားပေမဲ့ တရုတ်ရိုးရာ တေးသွား (Motif) တွေကို နှောထားတာ တွေ့ရပါတယ် တရုပ်ပြည်ဟာ ၁၉၅၀ ပြည့်လွန် တွေမှာ ဆိုဗီယက်သြဇာကြောင့် အနောက်တိုင်း ဂန္ထဝင်ဂီတ (Beethoven, Tchaikovsky) တွေကို သင်ယူခွင့်ရခဲ့ပေမဲ့ ၁၉၆၀ ပြည့်လွန် အနောက်တိုင်း ဂန္ထဝင်တေးတွေကို "အရင်းရှင်ဝါဒ" လို့ သတ်မှတ်ပြီး ပိတ်ပင်ခဲ့ပေမဲ့၊ တူရိယာနဲ့ နည်းစနစ် ကိုတော့ ဝါဒဖြန့်ဖို့အတွက် ဆက်သုံးခဲ့ပါတယ်

အဲ့ဒီခေတ်က Yin Chengzong (殷承宗) ဆိုတဲ့ ပီယာနိုပညာရှင်ဟာ အလွန်ထင်ရှားပါတယ် ယဉ်‌‌ ကျေးမှုတော်လှန်းရေးမှာ ပီယာနိုဟာ အရင်းရှင်တူရိယာလို့ အပြောခံရတဲ့အခါ သူက ပီယာနိုကို လမ်းဘေး (တီယန်နန်မင်ရင်ပြင်) အထိ သယ်ထုတ်ပြီး တော်လှန်ရေးသီချင်းတွေ တီးပြကာ "ပီယာနိုဟာလည်း ပြည်သူ့အတွက် ဖြစ်နိုင်တယ်" ဆိုတာ သက်သေပြခဲ့ဖူးပါတယ်

၁၉၆၀-၆၆ ပြည့်လွန်နှစ်များ ဆီမှာတော့ ဝါဒဖြန့်အနုပညာဟာ အထွတ်အထိပ်ကို ရောက်သွားပါပြီ မော်စီတုန်းရဲ့ ဇနီးဖြစ်သူ ကျန်းချင်း (Jiang Qing) (ရုပ်ရှငိမင်းသမီးဟောင်း) က အနုပညာလောကကို အုပ်စိုးခဲ့ပါတယ် သူမက ရှေးဟောင်းပြဇာတ်တွေ (ဘုရင်၊ မိဖုရား၊ သရဲတစ္ဆေဇာတ်လမ်းတွေ) ကို "အဆိပ်အတောက်" လို့ သတ်မှတ်ပြီး ပိတ်ပင်ခဲ့ပါတယ်။ သူမရဲ့ ညွှန်ကြားချက်နဲ့ တော်လှန်ရေး သူရဲကောင်းတွေကိုပဲ အမွှမ်းတင်တဲ့ ပြဇာတ်၊ ဘဲလေးနဲ့ တေးသံစုံ ၈ ခုကိုပဲ တစ်နိုင်ငံလုံး ကပြခွင့်ပြုခဲ့တာပါ။

ဒီပြဇာတ်တွေဟာ ရိုးရာပီကင်းအော်ပရာ (Peking Opera) ရဲ့ စည်းချက်တွေကို ယူထားပေမဲ့ ဝတ်စုံနဲ့ ဇာတ်အိမ်ကတော့ စစ်တပ်နဲ့ အလုပ်သမားပုံစံတွေ ဖြစ်နေတာပါ ဘာကြောင့် ဒီလိုပုံစံကို ရွေးချယ်ခဲ့တာလဲ ဆိုတော့ ထိုခေတ်က လူထုအများစုဟာ စာမတတ်ကြသေးလို့ပါ သီချင်းနဲ့ ကကွက်တွေက မူဝါဒတွေက ကျေးလက်ဒေသကသူတွေကို နားလည်စေဖို့ အလွယ်ဆုံးနည်းလမ်း ဖြစ်နေလို့ပါပဲ။ တိုက်ပွဲဝင်လိုစိတ်နဲ့ မျိုးချစ်စိတ် မြှင့်တင်ဖို့အတွက် စည်းချက်မြန်မြန်၊ အသံကျယ်ကျယ် တေးသီချင်းတွေကို ရွေးသုံးခဲ့တာပါ။

တစ်နိုင်ငံလုံးမှာ ပြဇာတ်တစ်မျိုးတည်း၊ သီချင်းတစ်မျိုးတည်းကိုပဲ ကြည့်ရှုနားဆင်စေခြင်းဖြင့် အတွေးအခေါ်တစ်ခုတည်းအောက်မှာ စုစည်းနိုင်ဖို့ လို့ယူဆမိပါတယ် "The White-Haired Girl" (ဆံပင်ဖြူမလေး)ဆိုတဲ့ ပြဇာတ်ဟာ အစောဆုံးနဲ့ အဓိကကျတဲ့ အချိုးအကွေ့ တစ်ခုလို့ ပြောလို့ ရပါတယ်။

အဲ့ဒီဇာတ်လမ်းက တရုတ်လူထုကို ဘယ်လိုတုန်လှုပ်စေခဲ့လဲဆိုတာ ကတော့ တရုတ်ပြည်သူသန်းပေါင်း
များစွာကို ကွန်မြူနစ်ဝါဒအောက်သို့ ရောက်ရှိလာစေရန် စည်းရုံးနိုင်ခဲ့သည့် အရှိန်အဝါအကြီးဆုံး ပြဇာတ်တခုပါ ၁၉၃၀ ပြည့်လွန်နှစ်များက တရုတ်ကျေးလက်ဒေသကို အခြေခံထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ ဆင်းရဲသားလယ်သမာ အဘိုးအို ရန်ရှီအန်း (Yang Bailao) တွင် ချောမောလှပသော သမီးလေး ရှီအာအာ (Xi'er) ရှိသည်။ ရက်စက်သော မြေရှင်ကြီး ဟွမ်စစ်ရန် (Huang Shiren) သည် အဘိုးအိုထံမှ အကြွေးတောင်းပြီး အကြွေးမဆပ်နိုင်သည့်အဆုံးတွင် သမီးဖြစ်သူကို အဓမ္မသိမ်းယူကာ အိမ်တွင် အစေခံအဖြစ် နှိပ်စက်ခဲ့သည်။

အလယ်ပိုင်းလာက်မှာတော့ အဘိုးအိုမှာ စိတ်ဆင်းရဲမှုဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီး၊ ရှီအာအာသည် မြေရှင်အိမ်မှ ထွက်ပြေးကာ တောင်ပေါ်ရှိ ဂူတစ်ခုတွင် ပုန်းအောင်းနေခဲ့ရသည်။: တောထဲတွင် အာဟာရမပြည့်ဝမှု၊ နေရောင်မရမှုနှင့် စိတ်ဒဏ်ရာများကြောင့် သူမ၏ ဆံပင်များမှာ အရွယ်နှင့်မမျှအောင် ဖြူဖွေးသွားခဲ့သည်။ ဒေသခံရွာသားများက သူမကို "တောင်ပေါ်က နတ်သမီးဖြူ" ဟု ထင်မှတ်ခဲ့ပါတယ်
နောက်ဆုံးတွင် အဋ္ဌမလမ်းမတပ်မတော် (Eighth Route Army) ဟုခေါ်သော ကွန်မြူနစ်တပ်များ ရောက်ရှိလာပြီး သူမကို ကယ်တင်ကာ မြေရှင်ကို အပြစ်ပေးခဲ့တာကို သရုပ်ဖော်ထားတာပါ သူမကိုလည်း လူ့လောကထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ပြဇာတ်၏ ကျော်ကြားသော ဆောင်ပုဒ်မှာ- "အမှောင်ခေတ် (ပဒေသရာဇ်စနစ်) က လူကို သရဲဖြစ်စေပြီး၊ ခေတ်သစ် (ဆိုရှယ်လစ်စနစ်) က သရဲကို လူပြန်ဖြစ်စေတဲ့" (旧社会把人變成鬼,新社会把鬼變成人) လို့ ခေါ်တဲ့ဝါဒ ရိုက်သွင်းပေးထားတာပါ

ဆံဖြူမလေးကို ၁၉၄၅မှာ ပထမဆုံး အော်ပရာ (Opera) အဖြစ် ကပြခဲ့ပြီး တရုတ်ရိုးရာသံစဉ်များကို အသုံးပြုထားသဖြင့် ကျေးလက်လူထုအကြား အလွန်ပေါက်ရောက်ခဲ့သည်။၁၉၅၀ မှာ တရုတ်ပြည် သစ်တည်ထောင်ပြီးနောက် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ရာ တစ်နိုင်ငံလုံးတွင် နာမည်ကြီးခဲ့ပါတယ် ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင် ကျန်းချင်း (Jiang Qing) က ဤဇာတ်လမ်းကို "စံပြဘဲလေး" (Model Ballet) အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ထိုချိန်က ပြဇာတ်ကို ကပြစဉ်တွင် ပရိသတ်ထဲရှိ စစ်သားများနှင့် လယ်သမားများမှာ စိတ်ခံစားမှုပြင်းထန်လွန်းသဖြင့် စင်ပေါ်ရှိ မြေရှင်နေရာတွင် သရုပ်ဆောင်သူကို တကယ်ထင်ပြီး သေနတ်ဖြင့် ပစ်ရန်ကြိုးစားသည်အထိ ဖြစ်ပွားခဲ့ဖူးပါတယ်တဲ့

Red Detachment of Women (မြန်မာလို အမျိုးသမီး အနီရောင်တပ်ခွဲ)လို့အမည်ရတဲ့ တရုတ်ယဉ်ကျေးမှုတော်လှန်ရေးကာလရဲ့ အကျော်ကြားဆုံးနဲ့ သြဇာအရှိဆုံး "စံပြဘဲလေးအဖွဲ့" ဖြစ်လာပါတယ် ဒီပြဇာတ်‌တွေဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တရုတ်အမျိုးသမီးထုကို တော်လှန်ရေးစိတ်ဓာတ် သွင်းပေးရာမှာ အဓိကကျခဲ့ပါတယ်။

ဟိုင်နန်ကျွန်း (Hainan Island) ကို အခြေခံထားတဲ့ ဝူချင်းဟွား (Wu Qinghua) ဆိုတဲ့မိန်ကလေး အကြောင်းဆိုရင် သူမဟာ ရက်စက်တဲ့ မြေရှင်ကြီးတစ်ဦးရဲ့ အိမ်မှာ အစေခံဘဝနဲ့ နှိပ်စက်ခံနေရတဲ့ မိန်းကလေးပါ မြေရှင်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ကွန်မြူနစ်ပါတီက ဦးဆောင်တဲ့ "အမျိုးသမီးသီးသန့် တပ်ခွဲ" ထဲကို ဝင်ရောက်ခဲ့သည့်အကြောင်း စစ်ပညာသင်ကြားပြီးနောက်မှာတော့ သူမဟာ ကိုယ်ကျိုးအတွက် ကပ်သီးကသတ် ရန်ငြိုးထားတာထက် "လူတန်းစားလွတ်မြောက်ရေး" ဆိုတဲ့ အယူအဆကို နားလည်သွားပြီး ရဲရင့်တဲ့ တော်လှန်ရေးသမားတစ်ဦး ဖြစ်လာတဲ့အကြောင်း သရုပ်ဖော်ထားတာပါ။ ဒီပြဇာတ်ဟာ အနောက်တိုင်း ဘဲလေး (Ballet) ကို တရုတ်နိုင်ငံရေးနဲ့ ပေါင်းစပ်လိုက်တဲ့ ပထမဆုံး လက်ရာတွေထဲက တစ်ခုပါ။

ဒီပြဇာတ်ဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တရုတ်ပြည်သူတွေအတွက် "မကြည့်မဖြစ်" ပြဇာတ်တစ်ခု ဖြစ်ခဲ့ပါတယ် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ တိုက်ပွဲဝင်နိုင်တယ်" ဆိုတဲ့ မော်စီတုန်းရဲ့ အယူအဆကို ပြသခဲ့တာပါ ၁၉၇၂ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက် နစ်ဆင် (Richard Nixon) တရုတ်နိုင်ငံကို ပထမဆုံး လာရောက်လည်ပတ်စဉ်မှာ ဒီပြဇာတ်ကို ဂုဏ်ပြုကပြခဲ့ပါတယ်။ ဒါဟာ တရုတ်-အမေရိကန် ဆက်ဆံရေး သမိုင်းဝင် အခိုက်အတန့်မှာ အဓိကနေရာက ပါဝင်ခဲ့တာပါ။

ထိုခေတ် တရုတ်ဝါဒဖြန့် အနုပညာနှင့် တေးသရုပ်ဖော်များသည် တရုတ်ပြည်မကြီးတွင်တင်မကဘဲ အရှေ့တောင်အာရှရှိ ပြည်ပရောက်တရုတ်လူမျိုးများ (Overseas Chinese) အကြားတွင်လည်း အလွန်သြဇာညောင်းခဲ့ပါတယ်။ ထိုခေတ်က အရှေ့တောင်အာရှရှိ တရုတ်ကျောင်းများနှင့် အသင်းအဖွဲ့များသည် ဤဝါဒဖြန့်မှုများ ပျံ့နှံ့ရာ အဓိကလမ်းကြောင်းများ ဖြစ်ခဲ့ကြပါတယ်။

မြန်မာ၊ မလေးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ တရုတ်ကျောင်းများသည် ထိုခေတ်က ကွန်မြူနစ်ဝါဒနှင့် တော်လှန်ရေးအနုပညာ ပျံ့နှံ့ရာ ဗဟိုချက်များ ဖြစ်ပါတယ် ကျောင်းကပွဲများနှင့် တေးသရုပ်ဖော်များ: ကျောင်းသားများသည် တော်လှန်ရေးတေးသီချင်းများကို ကျောင်းကပွဲများတွင် ကပြခဲ့ကြပါတယ် ၎င်းသည် လူငယ်များအကြား မျိုးချစ်စိတ်နှင့် တော်လှန်ရေးစိတ်ဓာတ်ကို နိုးကြားစေခဲ့တာပါ တရုတ်ပြည်မကြီးမှ ပြောင်းရွှေ့လာသော ဆရာများသည် မော်စီတုန်း၏ အနုပညာမူဝါဒများကို လက်ဆင့်ကမ်းခဲ့ကြပြီး ကျောင်းသားများကို ဝါဒဖြန့်တေးသီချင်းများ ပြန်လည် သင်ကြားပေးခဲ့ပါတယ်

တရုတ်ပြည်မကြီးမှ ထုတ်ဝေသော တေးသီချင်းစာအုပ်များ၊ နုတ်စာရွက်များနှင့် ဓာတ်ပြားများသည် အရှေ့တောင်အာရှသို့ တရားမဝင်သော်လည်း လျှို့ဝှက်စွာ ရောက်ရှိလာသလို ၁၉၅၀ ပြည့်လွန်နှစ်များတွင် "ဆံပင်ဖြူမလေး" ရုပ်ရှင်သည် အာရှရှိ တရုတ်လူမျိုးများအကြား အလွန်ရေပန်းစားခဲ့ပြီး၊ ထိုရုပ်ရှင်မှ တေးသွားများသည် ပြည်ပရောက်တရုတ်များ၏ ရင်ထဲအထိ ရောက်ရှိသွားခဲ့တာပါ မြန်မာပြည်မှာတော့ ဒီရုပ်ရှင်တေးသွားတွေကို အဖွဲ့အစည်းတွေ ပြပွဲတွေမှာ ပြသခွင့်ရပြီး တရုပ်မြန်မာချစ်ကြည်ရေး ရွေခေတ်မှာတော့ အကြီးအကျယ် ယဉ်ကျေးမှုပဒေသာ ကပွဲတွေမှာမြန်မာပြည်သူလူထုတွေပါ ကြည့်ရှုခွင့်ရကြပါတယ်

မြန်မာနိုင်ငံမှာ ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်နှစ်များအစောပိုင်းက တရုတ်ကျောင်းများမှာ အလွန်အားကောင်းခဲ့တာပါ ရန်ကုန်နှင့် မန္တလေးရှိ တရုတ်အသင်းအဖွဲ့များသည် "အနုပညာ ဖျော်ဖြေရေးအဖွဲ့" (Cultural Troupes) များ ဖွဲ့စည်းကာ တရုတ်ပြည်မှ ခေတ်စားနေသော တေးအလှအကများနှင့် တော်လှန်ရေးတေးများကို ဖျော်ဖြေခဲ့ကြပါသည်။

အဲ့ဒီခေတ်က ပြ‌ဇာတ်သရုပ်ဖော်များအပြင် ပိုစတာတွေဟာ အရောင်အသွေး တောက်ပြောင်ပြီး အားတက်သရောရှိတဲ့ ပုံစံတွေကြောင့် ကျောင်းသားတွေရဲ့ အခန်းနံရံတွေအထိ ရောက်ရှိခဲ့ပါတယ် ပိုစတာတွေမှာ အမြဲတမ်း ပြုံးရွှင်နေတဲ့ ကျောင်းသား၊ စစ်သားနဲ့ အလုပ်သမားပုံတွေကို အနီရောင်နောက်ခံနဲ့ သရုပ်ဖော်လေ့ရှိပါတယ်။ ဒီပုံစံကို "တောက်ပ၊ နီရဲ၊ တောက်ပြောင်" (红, 光, 亮 - Hóng, Guāng, Liàng) လို့ ခေါ်ပါတယ်

အထူးသဖြင့် လေဖုန်း (Lei Feng) လိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စံပြစစ်သားလေးရဲ့ ပိုစတာတွေဟာ ကျောင်းသားတွေကြားထဲမှာ "စံပြလူငယ်" (Role Model) အဖြစ် အလွန်ခေတ်စားခဲ့ပါတယ် ပိုစတာတွေမှာ "စာဖတ်ခြင်းသည် တော်လှန်ရေးအတွက်ဖြစ်သည်" သို့မဟုတ် "နိုင်ငံတော်သစ်ကို တည်ဆောက်ကြစို့" စတဲ့ စာသားတွေ ပါလေ့ရှိပါတယ်။ ကျောင်းသားကလေးများ အချင်းချင်း နောက်ကြောမှာ စာလွှာလေးတွေရေးပြီး လက်ဆောင်ဖလှယ်ကြတာ ထိုခေတ်ရဲ့ အနှစ်သာရတခုပါ မူလတန်းတုန်းက ကျောင်းစာကြည်တိုက်မှာ တရုပ်ပြည်ကလာတဲ့ဆံပင်ဖြူမလေး" နဲ့ "အမျိုးသမီး အနီရောင်တပ်ခွဲ" ဇာတ်လမ်းတွေကို ဒီရုပ်ပြစာအုပ်လေးတွေကနေတစ်ဆင့် ရင်းနှီခဲ့တယ်လို့ ပုသိမ်မြို့နေ ဒေါ်ရင်ငွေကဆိုပါတယ်။

ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အလွန်ကောင်းမွန်သဖြင့် တရုတ်ပြည်မှ အနုပညာအဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေခဲ့ပြီး၊ ၎င်းတို့၏ တင်ဆက်မှုဟန်များသည် ပြည်တွင်းရှိ တရုတ်နွယ်ဖွား အနုပညာရှင်များအပေါ် လွှမ်းမိုးမှုကြီးမားခဲ့သည်။ ပြဇာတ်များတွင် ပါရှိသော "ဆင်းရဲသား လွတ်မြောက်ရေး" နှင့် "အလုပ်သမား၊ လယ်သမား ဂုဏ်ပြုရေး" စာသားများသည် အာရှရှိ ရုန်းကန်နေရသော တရုတ်လူတန်းစားများအတွက် ခံစားချက်ချင်း တိုက်ရိုက်ထိတွေ့စေခဲ့တာပါ အနောက်တိုင်းတူရိယာများဖြင့် ခန့်ခန့်ညားညား တင်ဆက်သည့် တရုတ်တော်လှန်ရေးတေးများသည် ထိုခေတ်က လူငယ်များအတွက် ဆွဲဆောင်မှုအလွန်ရှိခဲ့တယ်လို သက်ကြီးဘိုဘွားများကဆိုပါတယ်

၁၉၆၀ ပြည့်လွန်နှစ်မျာ အလယ်ပိုင်းမှစ၍ ဒေသတွင်း နိုင်ငံရေးအခြေအနေများ (ဥပမာ- မြန်မာနိုင်ငံတွင် ကျောင်းများ ပြည်သူပိုင်သိမ်းခြင်း၊ အင်ဒိုနီးရှားတွင် ကွန်မြူနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ) ကြောင့် မြန်မာပြည်တွင် ဤဝါဒဖြန့်အနုပညာများ ပျံ့နှံ့မှုမှာ ရပ်တန့်ပြီးနိဂုံးချုပ်ရပါလေသည်။

ကိုးကားစာရင်း (References):
၁။ Andrews, Julia F. (2012). The Art of Modern China. University of California Press.
၂။ Mao Zedong. (1942). Talks at the Yan'an Forum on Literature and Art.
၃။ ၁၉၅၀-၆၀ ကာလထုတ် မြန်မာပြည်ရှိ တရုတ်ဘာသာပြန် မဂ္ဂဇင်းများနှင့် ရုပ်ပြစာစောင်များ။
၄။ Chinese Posters Website (chineseposters.net) - (ပိုစတာများအတွက် အွန်လိုင်းကိုးကား)။

#တရုတ်သမိုင်း #အနုပညာ #ယဉ်ကျေးမှုတော်လှန်ရေး #ယန်အန် #ဆံပင်ဖြူမလေး
#မြန်မာပြည်တရုတ်နွယ်ဖွားများဒီဂျစ်တယ်မော်ကွန်းတိုက် #အာရှရှိအနုပညာဝါဒဖြန်ချီမှုပျံနှနိံ့ခြင်း

"ရှင်သန်နေသော မော်ကွန်းတိုက်" (The Living Archive) "A Story of Huaqiao" မှ ကြီးမှူး၍ သင်၏ မိသားစုဝင်များ၏ တန်ဖိုးရှိလှသေ...
19/02/2026

"ရှင်သန်နေသော မော်ကွန်းတိုက်" (The Living Archive)

"A Story of Huaqiao" မှ ကြီးမှူး၍ သင်၏ မိသားစုဝင်များ၏ တန်ဖိုးရှိလှသော သမိုင်းဝင်ဓာတ်ပုံဟောင်းများကို အခမဲ့ ဒီဂျစ်တယ်မော်ကွန်းတိုက်အဖြစ် ပြောင်းလဲထိန်းသိမ်းပေးသွားမည်ဖြစ်ပါသည်။

📅 ပရောဂျက်ကာလ

* ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့ထိသာ။

🛠 ဓာတ်ပုံပေးပို့ခြင်းဆိုင်ရာ သတ်မှတ်ချက်များ

ဓာတ်ပုံများကို အရည်အသွေးအကောင်းဆုံး စကင်ဖတ်နိုင်ရန်နှင့် ပျက်စီးမှုမရှိစေရန် အောက်ပါအချက်များကို လိုက်နာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် -

* ဓာတ်ပုံအရွယ်အစား: ၁ လက်မ မှ ၈ လက်မအထိ ရှိသော ဓာတ်ပုံများကိုသာ လက်ခံဆောင်ရွက်ပေးပါမည်။

* ဓာတ်ပုံပြင်ဆင်မှု: ဓာတ်ပုံများတွင် မှန်ဘောင် (သို့မဟုတ်) ဘောင်များ ပါရှိပါက စကင်ဖတ်ရာတွင် အဆင်ပြေစေရန်အတွက် ဘောင်များကို ချွတ်၍ ဓာတ်ပုံသက်သက်သာ ပေးပို့ရပါမည်။

* ပိုင်ဆိုင်မှုနှင့် ခွင့်ပြုချက်: ဓာတ်ပုံ၏ သက်ဆိုင်ရာ မူရင်းပိုင်ရှင်များ၏ ခွင့်ပြုချက် ရရှိထားသူများသာ ဆောင်ရွက်ပေးပါမည်။

* ပြန်လည်ပေးပို့ခြင်း: ပေးပို့လာသော မူရင်းဓာတ်ပုံများကို လုပ်ငန်းစဉ်ပြီးဆုံးပါက
ပိုင်ရှင်များထံသို့ စနစ်တကျ ပြန်လည်ပေးပို့ သွားမည်ဖြစ်ပါသည်။

☎️ အသေးစိတ် ဆက်သွယ်ရ‌ မေးမြန်ရမည့် လိပ်စာ

📲 09-770428501

🌐 [email protected]

🛡 ယုံကြည်မှုနှင့် လုံခြုံရေး

* ဤပရောဂျက်သည် မိသားစုရာဇဝင်များကို ထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပေးပို့လာသော ဓာတ်ပုံများကို လုံခြုံစွာ ကိုင်တွယ်ဆောင်ရွက်ပေးပါမည်။

* ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်နှင့် ဝန်ဆောင်မှုအပေါ် ယုံကြည်မှုအပြည့်အဝရှိမှသာ ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းလိုပါသည်။

📝 ပါဝင်ဆောင်ရွက်ရန် အဆင့်ဆင့်အနေဖြင့်

၁။ ဖောင်ဖြည့်သွင်းခြင်း: ပါဝင်လိုသူများသည် သတ်မှတ်ထားသော လျှောက်လွှာဖောင် (Application Form) ကို အချက် အလက်အပြည့်အစုံဖြင့် ဦးစွာဖြည့်သွင်းရပါမည်။

၂။ ဓာတ်ပုံပေးပို့ခြင်း: ဖောင်ဖြည့်ပြီးနောက် ဓာတ်ပုံများကို သတ်မှတ်ထားသော နည်းလမ်းအတိုင်း ပေးပို့ရပါမည်။

၃။ ဒီဂျစ်တယ်ကူးပြောင်းခြင်း: ကျွန်ုပ်တို့အဖွဲ့မှ အဆင့်မြင့်စကင်နာများ၊ AI နည်းပညာများနှင့် Graphic Software များအသုံးပြုကာ အရောင်တင်ခြင်း၊ အစင်းကြောင်းဖျက်ခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးပါမည်။

"ရှင်သန်နေသော မော်ကွန်းတိုက်" (The Living Archive) ပရောဂျက်မှာ ပါဝင်ခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ ကို လူတိုင်းနားလည်လွယ်အောင် အချက်အလက် (၅) ချက်နဲ့ အနှစ်ချုပ် ရေးသားပေးလိုက်ပါတယ်။

🌟 "ရှင်သန်နေသော မော်ကွန်းတိုက်" တွင် ပါဝင်ခြင်း၏ အကျိုးကျေးဇူးများအနေဖြင့်

၁။ အချိန်ကာလကြာရှည်စွာ တည်တံ့ခြင်း (Eternal Preservation)

မူရင်းစက္ကူဓာတ်ပုံများသည် နှစ်ကာလကြာလာသည်နှင့်အမျှ အရောင်လွင့်ခြင်း၊ မှိုစွဲခြင်း၊ စုတ်ပြဲခြင်းနှင့် ရာသီဥတုဒဏ်ကြောင့် ပျက်စီးခြင်းတို့ ကြုံတွေ့ရနိုင်ပါသည်။ ဒီဂျစ်တယ်စနစ် (Digital Archives) သို့ ပြောင်းလဲခြင်းဖြင့် သင့်မိသားစု၏ မှတ်တမ်းများမှာ ဘယ်တော့မှ အရည်အသွေးမကျတော့ဘဲ ထာဝရတည်တံ့ သွားမည်ဖြစ်သည်။

၂။ အခမဲ့ အရည်အသွေးမြင့် ပြန်လည်ပြုပြင်ပေးခြင်း (Free Professional Restoration)

မိမိဘာသာ ဖုန်းဖြင့် ဓာတ်ပုံရိုက်သိမ်းသည်နှင့် မတူဘဲ၊ ကျွန်တော်မှ အဆင့်မြင့်စကင်နာများ၊ AI နည်းပညာများနှင့် Graphic Software များအသုံးပြုကာ အစင်းကြောင်းများဖျက်ပေးခြင်း၊ အရောင်ပြန်တင်ပေးခြင်းနှင့် ကြည်လင်ပြတ်သားမှု ကို အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်သည်။

၃။ အလွယ်တကူ မျှဝေနိုင်ခြင်း (Easy Sharing)

ဒီဂျစ်တယ်ဖိုင်များအဖြစ် ရရှိမည်ဖြစ်သောကြောင့် မိမိတို့၏ ဆွေမျိုးမိတ်ဆွေများ၊ နိုင်ငံရပ်ခြားရောက်နေသော မိသားစုဝင်များထံသို့ Facebook, Viber, Telegram သို့မဟုတ် Email တို့မှတစ်ဆင့် တစ်ချက်နှိပ်ရုံဖြင့် အလွယ်တကူ ပေးပို့မျှဝေနိုင်မည် ဖြစ်သည်။

၄။ မိသားစုနှင့် လူမျိုးစု သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းခြင်း (Cultural Heritage)

'A Story of Huaqiao' အနေဖြင့် သင်၏ ဓာတ်ပုံများကို စနစ်တကျ မော်ကွန်းတင်ပေးခြင်းဖြင့် နောင်လာနောက်သား (မျိုးဆက်သစ်) များ အနေဖြင့် မိမိတို့ဘိုးဘွားများ၏ နေထိုင်မှုပုံစံနှင့် သမိုင်းကြောင်းကို အလွယ် တကူ ပြန်လည်လေ့လာနိုင်ပြီး မိသားစုဂုဏ်ကို ထိန်းသိမ်းရာရောက်သည်။

၅။ လုံခြုံစိတ်ချရမှုနှင့် စနစ်ကျမှု (Security & Order)

သင်၏ အဖိုးတန်မူရင်းဓာတ်ပုံများကို စနစ်တကျ ပြန်လည်ပေးပို့ပေးမည့်အပြင်၊ ဒီဂျစ်တယ်ဖိုင်များကိုလည်း လူကြီးမင်းတို့ စိတ်ကြိုက်အသုံးပြုနိုင်ရန် စနစ်တကျ စုစည်းပေးသွားမည်ဖြစ်သည်။ ယုံကြည်စိတ်ချရသော အဖွဲ့အစည်း ဖြစ်သဖြင့် အချက်အလက်လုံခြုံမှုအတွက် စိတ်အေးရမည် ဖြစ်သည်။

"သင့်မိသားစုရဲ့ အတိတ်ပုံရိပ်တွေဟာ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တွေပါ"

"အတိတ်ကို သိမ်းဆည်းစို့၊ အနာဂတ်ကို လက်ဆင့်ကမ်းကြပါစို့"

#တရုပ်မြန်မာဒီဂျစ်တယ်မော်ကွန်းတိုက်

ကျွန်တော်သိသမျှဘုရားကျောင်း နှင့် ဘုံကျောင်းတွေရဲ့တန်ဖိုး အပိုင်း-(၁)ဒီဖေဖေါ်ဝါရီလဟာ ယဉ်ကျေးမှုတန်းဖိုးအရ မြင့်မားနေသလို...
15/02/2026

ကျွန်တော်သိသမျှဘုရားကျောင်း နှင့် ဘုံကျောင်းတွေရဲ့တန်ဖိုး အပိုင်း-(၁)

ဒီဖေဖေါ်ဝါရီလဟာ ယဉ်ကျေးမှုတန်းဖိုးအရ မြင့်မားနေသလို သမိုင်းကြောင်းအရလည်းတန်းဖိုး ရှိနေ ပါတယ် ကျွန်တော် တရက်ကပေါ့ ကိုယ်တိုင်ဖန်တီး စိတ်ကူးရည်မှန်ထားသည့် ပရောဂျက်အတွက် ကွင်းဆင်းလေ့လာမိပါတယ် ဒီမှာ ဘာတွေ့ရလည်းဆိုတော့ ဘုရား‌ကျောင်းတော်တော်များများ၏ ကဗျည်းပြားတွေဟာ ကျုံးဟွာမင်းကော်နှစ်လို့ အများဆုံးသုံးကြပြီး (ဥပမာ-‌ကွမ်ရင်ဂူမြောက် @ကောင်းတုံကွမ်ရင် /ခိန့်ဟုတ် နှင့် အခြားမျိုးနွယ်စု အသင်းများ မျိုးနွယ်ဘုရားကျောင်းများ ) ဖြစ်ပေသည်။

ကျွန်တော်တို့မြန်မာပြည်တွင် တရုပ်နွယ်ဖွားများ တည်ရှိအခြချလာတာဟာ ပုဂံခေတ် ၁၁ ရာစု မတိုင်မှီ ကတည်းကလို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ် ပုဂံခေတ်ဦးပိုင်းမှာ ဆက်ဆံရေးက ကုန်သွယ်ရေးနဲ့ သံတမန်ရေး သက်သက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂံခေတ်နှောင်းပိုင်း နရသီဟပတေ့မင်း လက်ထက်မှာတော့ မွန်ဂို (တာတာ) တို့က တရုတ်ပြည်ကို သိမ်းပိုက်ပြီးနောက် မြန်မာပြည်ကို ကျူးကျော်ခဲ့ပါတယ်။မွန်ဂို-တရုတ်တပ်တွေဟာ ပုဂံအထိ ဆင်းလာခဲ့ပြီး စစ်ရှုံးပြီးနောက်ပိုင်း တရုတ်သံတမန်တွေနဲ့ စစ်တပ်တချို့ မြန်မာပြည် အထက်ပိုင်းမှာ အခြေချကျန်ရစ်ခဲ့တာမျိုး ရှိပါတယ်။
ပုဂံပျက်ပြီးနောက် ရှမ်းညီနောင်သုံးဦး အာဏာရလာတဲ့ မြင်စိုင်းခေတ်မှာ တရုတ် (မွန်ဂို) တို့က ဒုတိယအကြိမ် ကျူးကျော်ခဲ့ပါတယ် မွန်ဂိုတပ်တွေဟာ မြင်စိုင်းခံတပ်ကို ဝန်းရံခဲ့ပေမဲ့ ရာသီဥတုနဲ့ ခုခံမှုကြောင့် ပြန်ဆုတ်သွားခဲ့ရပါတယ်။ ဒီကာလမှာ မြန်မာပြည်မြောက်ပိုင်းနဲ့ ရှမ်းကုန်းပြင်မြင့်တစ်လျှောက်မှာ တရုတ်နဲ့ နယ်စပ်ယဉ်ကျေးမှု ရောနှောမှုတွေ ပိုမိုအားကောင်းလာခဲ့ပါတယ်။

အင်းဝခေတ်ဟာ တရုတ်လူမျိုးတွေ (အထူးသဖြင့် ယူနန်ဘက်က တရုတ်များ) နဲ့ အပြန်အလှန် ထိတွေ့မှု အများဆုံးကာလတစ်ခုပါ "ဗန်းမော်လမ်းကြောင်း" ကနေတစ်ဆင့် တရုတ်ကုန်သည်တွေဟာ ပိုးထည်၊ လက်ဖက်နဲ့ တရုတ်လူသုံးကုန်တွေကို ယူဆောင်လာပြီး မြန်မာပြည်က ကျောက်စိမ်း၊ ပတ္တမြားတို့နဲ့ လဲလှယ်ခဲ့ကြပါတယ် အင်းဝဘုရင် မင်းခေါင် လက်ထက်မှာ တရုတ် (မင်မင်းဆက်) တပ်တွေဟာ သိန္နီနဲ့ အင်းဝအထိ ဆင်းလာခဲ့ဖူးပါတယ်။ အဲဒီအချိန်က "ဂါမဏိ" လို့ခေါ်တဲ့ တရုတ်စစ်သူကြီးနဲ့ သမိန်ဗရမ်းတို့ စီးချင်းထိုးခဲ့တာဟာ မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ဖြစ်စဉ်တခု ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲတွေအပြီးမှာ ပြန်မသွားဘဲ ကျန်ရစ်ခဲ့တဲ့ တရုတ်စစ်သည်တွေနဲ့ ကုန်သည်တွေဟာ အင်းဝနဲ့ စစ်ကိုင်းတဝိုက်မှာ အခြေချနေထိုင်ခဲ့ကြပါတယ်လို ခန်မှန်းမိပါတယ်။

လူတွေအခြေချနေထိုင်တာက စောပေမဲ့ ထင်ထင်ရှားရှား ဘုရားကျောင်းတွေတည်ဝာာတော့ အထက် မြန်မာပြည်က ဘုရားကျောင်းတွေဟာ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ် ကတည်းက အခြေတည်ခဲ့ တာပါ။ ​အမရပူရရှိ တရုတ်ဘုရားကျောင်းတခုဖြစ်တဲ့ (ကွမ်ရင်ဘုရားကျောင်း)ဟာ မြန်မာပြည်မှာ အစောဆုံးနဲ့ သမိုင်းအဝင်ဆုံး ဘုရားကျောင်းတစ်ခုပါ။ ဘိုးတော်ဘုရား လက်ထက် (၁၇၇၃ ဝန်းကျင်) မှာ တရုတ်ကုန်သည်ကြီးတွေက တည်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ် ။ အဲဒီတုန်းက တရုတ်- မြန်မာ ကုန်သွယ်ရေးဟာ ဗန်းမော်-အမရပူရ လမ်းကြောင်းကနေ အရမ်းစည်ကားခဲ့တာပါ။ ဗန်းမော်ဟာ တရုတ်ပြည်ကလာတဲ့ ကုန်းလမ်းကုန်သွယ်ရေးရဲ့ တံခါးပေါက်ဖြစ်လို့ ရှေးကျတဲ့ တရုတ်ဘုရား ကျောင်းတွေ တည်ရှိခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်မှာ ပျက်စီးသွားကြလို့ အခုမမြင်တွေ့နိုင်တော့ပါဘူး

ဒီထဲကမှ ရန်ကုန်မှာ ရှိနေတဲ့ Kheng Hock Keong ဘုရားကျောင်းဟာ ၁၈၆၁ ခုနှစ်မှာ စတင်တည် ဆောက်ခဲ့တာပါ။ ဖူကျန့် (Hokkien) လူမျိုးတွေက ပင်လယ်ရေကြောင်းကိုအသုံးများ ပြီးကုန်သွယ်ကြလို့ ရန်ကုန်ကတရုတ်တန်းဆိပ် ဖြစ်တဲ့ ထိုနေရာမှာ မားကျော့မယ်တော်ကျောင်းကိုတည်ခဲ့ကြပါတယ်။ဘုရား ကျောင်းဟာ ဖူကျန့် (Hokkien) နွယ်ဖွားတွေရဲ့ အထွတ်အမြတ်ထားရာနေရာဖြစ်ပြီး သူ့ရဲ့ သမိုင်းအကျယ်ကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။:

၁၈၆၁ ခုနှစ်မှာ စတင်အုတ်မြစ်ချခဲ့ပြီး ၁၈၆၃ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ (အချို့မှတ်တမ်းများတွင် ၁၈၆၀ ဟု ဖော်ပြကြသည်)။ "Kheng Hock Keong" (慶福宮) ဆိုတာ တရုတ်လို "မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နန်းတော်" ဟု အဓိပ္ပာယ်ရပါတယ် ဖူကျန့်ပြည်နယ်ကနေ ရန်ကုန်ကို ရေကြောင်းကနေ ရောက်ရှိလာကြတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက စုပေါင်းမတည် တည်ဆောက်ခဲ့တာပါ။ဒီဘုရားကျောင်းရဲ့ ထူးခြားချက်က ပင်လယ်ခရီးသွားလာသူတွေကို စောင့်ရှောက်တဲ့ မားကျော့ပို (Mazu) ကို အဓိကထား ကိုးကွယ်တာ ဖြစ်ပါတယ်။

ရှေးခေတ်က တရုတ်ပြည်ကနေ မြန်မာပြည်ကို လာတဲ့အခါ ပင်လယ်ရေကြောင်းကနေ ရက်ပေါင်းများစွာ ခက်ခဲစွာ လာရတာကြောင့် ဘေးအန္တရာယ်ကင်းဖို့ မစူးပိုမယ်တော်ကို အားကိုး ကြတာပါ။ဘုရားကျောင်းဟာ ဗိသုကာပညာ အရကောသမိုင်းအရပါအရမ်းတန်ဖိုးရှိပါတယ်။ ဘုရားကျောင်းအဝင်က နဂါးရုပ်လုံးပတ် ကျောက်တိုင်ကြီးတွေဟာ တရုတ်ပြည်ကနေ တိုက်ရိုက်သယ် ဆောင်လာတာဖြစ်ပြီး လက်ရာအလွန်နုနယ်ပါတယ်။ အတွင်းပိုင်းမှာရှိတဲ့ သစ်သားပန်းပုတွေဟာ ရွှေစစ်စစ် ချထားတာဖြစ်ပြီး နှစ်ပေါင်း ၁၆၀ ကျော် ကြာတဲ့အထိ အရောင်မမှိန်ဘဲ တောက်ပနေဆဲပါ။တရုတ်ရှေးဟောင်းပုံပြင်တွေ၊ နတ်ဘုရားပုံပြင်တွေကို နံရံတွေမှာ အသေးစိတ် ရေးဆွဲထားပါတယ်။

ဗြိတိသျှတွေ ရန်ကုန်မြို့ကွက်သစ် ဖော်ထုတ်တဲ့အခါ ဖူကျန့်လူမျိုးတွေကို ဒီနေရာမှာ အခြေချခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ခိန့်ဟုတ်ဟာ ကိုလိုနီခေတ်က တရုတ်လူမျိုးတွေရဲ့ ဗဟိုချက်မ လိုပြောလို့ရတဲ့နေရာဖြစ်ပါတယ် ကိုလိုနီခေတ်က ဆာဘွဲ့ရတွေ အမှုတော်ထမ်းတံဆိပ်ရတွေဟာ ဘုရားကျောင်း မန်ဘာခေါ် အဖွဲ့ဝင် ဂေါပက တွေဖြစ်ပါတယ် ကုန်သည်သူကြွယ်တွေတန်ခိုးရှိတဲ့ ကိုလိုနီခေတ်မှာ တရုတ်ကုန်သည်ကြီးများ စုဝေးရာနေရာလည်းဖြစ်နေပါတယ် မျိူးနွယ်စုများ အပေါ်အာဏာ သက်ရောက်သလို ၁၉၃၅ ဗမာပြည်အုပ်ချုပ်ရေးစနစ်သစ် အရ လူမျိူးစု အချိုးနှုန်းကျ အမတ်တွေ ရွေးချယ်ဖို့ကိုလည်း ဒီဘုရားကျောင်း ကော်မတီကဆုံးဖြတ်ပေးပါတယ် ရန်ကုန်ရဲ့တန်ခိုးကြီး မြူနီစပယ် (ယခုစည်ပင်သာယာ) အဖွဲ့စည်းရဲ့ အကြီးကဲအဖွဲ့ဝင်တွေဟာလည်း ဘုရားကျောင်းမန်ဘာတွေဖြစ်လေပါရဲ့ လသာလမ်းက ကွမ်ရင်ဘုရားကျောင်းဟာ ကွမ်တုန်း (Cantonese) တွေအတွက် ဖြစ်သလို၊ ဒီဘုရားကျောင်းဟာလည်း ဖူကျန့် (Hokkien) လူမျိုးတွေအတွက် အချင်းချင်း ကူညီစောင့်ရှောက်ရာ နေရာဖြစ်ခဲ့ပါတယ်။

လသာလမ်းပေါ်မှာရှိတဲ့ ​ကွမ်ရင်ဘုရားကျောင်းဖြစ်‌တဲ့ (Guanyin Gumiao)ကလည်း ၁၈၂၄ ဝန်းကျင် (ဒါမှမဟုတ် အဲဒီထက်စောတဲ့ကာလ) ကတည်းက တည်ခဲ့တာလို့ ယူဆရပါတယ်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်ခင်ကတည်းက တည်ရှိနေတာဖြစ်လို့ ရန်ကုန်မြို့ရဲ့ သက်တမ်းရင့်၊ဆောက်အအုံစာရင်း မှာ ပါဝင်ပါတယ်။ ၁၈၂၄ ခုနှစ် မတိုင်ခင်ကတည်းက လသာလမ်းဝန်းကျင်မှာ ဝါးတိုင်၊ သက်ကယ်မိုးနဲ့ ကွမ်ရင်မယ်တော်ကို ပူဇော်တဲ့ ကျောင်းဆောင်ငယ်လေး ရှိနေခဲ့တယ်လို့ သမိုင်းအထောက် အထားအချို့က ဆိုပါတယ်။ ၁၈၂၄ မှာတော့ အုတ်အင်္ဂတေနဲ့ စနစ်တကျ စတင်တည် ဆောက်ခဲ့တာပါ။ကွမ်တုန်းပြည်နယ်ကနေ ရေကြောင်းခရီးနဲ့ ရောက်ရှိလာကြတဲ့ ကွမ်တုန်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သင်္ဘောသားတွေ စုပေါင်းတည်ထောင်ခဲ့တာပါ။

ဘုရားကျောင်း ရဲ့ကျက်သရေ ကတော့ ကရုဏာရှင် ကွမ်ရင်ဖူးဆပင် (Guanyin) ဖြစ်ပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ ဘုရားကျောင်းအဆောက်အအုံဟာ ၁၈၂၄ ခုနှစ်က လက်ရာစစ်စစ်တော့ မဟုတ်တော့ပါဘူး။၁၈၅၂ ခုနှစ်: ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းမှာ ရန်ကုန်မြို့ တိုက်ပွဲတွေကြောင့် ဘုရားကျောင်းပျက်စီး ခဲ့ဖူးပါတယ် ၁၈၆၄ ခုနှစ် မှာအခုလက်ရှိမြင်တွေ့နေရတဲ့ ပုံစံအတိုင်း အကြီးအကျယ် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်တောင်ပိုင်း (Lingnan style) ဗိသုကာလက်ရာစစ်စစ် ဖြစ်ပါတယ်။

အမိုးပေါ်က နဂါးရုပ်ကြွတွေ၊ အတွင်းပိုင်းက သစ်သားပန်းပုတိုင်တွေနဲ့ ရွှေချထားတဲ့ အလှဆင်မှုတွေဟာ အဲဒီခေတ်က လက်ရာမြောက်လှပါတယ်။ ထိုခေတ်ကဒီဘုရားကျောင်းဟာ ဘာသာ ရေးသက်သက်ထက် ပိုပါတယ်။ ကွမ်တုန်းနွယ်ဖွားတွေ အချင်းချင်း ကူညီစောင့်ရှောက်ဖို့၊ အလုပ် အကိုင်ရှာဖွေဖို့နဲ့ နေထိုင်စရာ စီစဉ်ပေးဖို့အတွက် ဗဟိုချက်မ (Clan House) အဖြစ် အသုံးတော် ခံခဲ့ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုဦးမှာ တရုတ်စာပေနဲ့ ယဉ်ကျေးမှု သင်ကြားတဲ့ကျောင်း တွေကိုလည်း ဒီဘုရားကျောင်းဝင်းထဲမှာပဲ အခြေပြု ဖွင့်လှစ်ခဲ့ကြပါတယ်။

ယနေ့တိုင်အောင် လသာလမ်းက ကွမ်ရင်ဘုရားကျောင်းဟာ ရန်ကုန်တရုတ်တန်းရဲ့ အချက်အချာကျတဲ့ နေရာတစ်ခုအဖြစ် ရှိနေဆဲပါ။ ဧကရာဇ်ခေတ်ထဲကရှိလာတဲ့ ဒီဘုရားကျောင်းဟာ မင်းကော်ခေတ်လို့ခေါ်တဲ့ တရုတ်သမ္မတနိုင်ငံခေတ်မှာလဲ ပြည်ပအလှူရှင်တွေ အများကြီးလှူဒါန်းခဲ့တာကို လည်း ကဗျည်းကျောက်စာများအရသိရလို့ မြန်မာပြည်က မရှိတော့တဲ့ မျိုးနွယ်စုအသေးလေးတွေကို လည်း ၁၉၉၉ ဘုရားကျောင်းအလှူရှင်စာရင်းမှပြန်တွေ့ရပါတယ်။ နောက်အပိုင်းမှာ တူတူလေ့လာဆန်းစစ်ပြီး လက်ရေးတွေ မှင်စာတွေ နှင့်သမိုင်းတွေအများကြီး ပိုပြောရအောင်

#တရုတ်နှစ်သစ်ကူးကာလအကြိုဆောင်းပါးများ #မြန်မာပြည်တရုတ်နွယ်ဖွားများဒီဂျစ်တယ်မော်ကွန်းတိုက် #အောင်မင်းသိန်းပြုစုရေးသားသည် #တရုတ်ဘုရားကျောင်းများသမိုင်းအကျဉ်းချုပ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when A Story Of HuaQiao posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category