Taikhamti SSNAss

Taikhamti SSNAss ꩡုမ်ႛၸူဝ်လၢမ်းꩬႃꩬꩫႃꩬံၷႃတဲးၵမ်းတီႈ

ꩬၿ်ၿႃပꩬ်ꩬ ဢꩱ၈ၼံ၊ꩱုꩬလꩬ်ꩬူပꩬမ်ပၻႃ။ꩬꩡိတ်တပ၈ိ​ယေႃꩬႃပꩫံ၊​ဢေတံ ၿုၻ်ꩪႃꩫ ꩬႃꩬꩫံ။- ꩱႃႈꩡိုဝ်ႈ ဢꩫ်ႈမဝ်ꩫီႈ ငိူင်ႇတႃ့။- ꩱႃႈꩡိုဝ်ႈဢꩫ်ႈꩫ...
15/09/2025

ꩬၿ်ၿႃပꩬ်ꩬ ဢꩱ၈ၼံ၊
ꩱုꩬလꩬ်ꩬူပꩬမ်ပၻႃ။
ꩬꩡိတ်တပ၈ိ​ယေႃꩬႃပꩫံ၊
​ဢေတံ ၿုၻ်ꩪႃꩫ ꩬႃꩬꩫံ။

- ꩱႃႈꩡိုဝ်ႈ ဢꩫ်ႈမဝ်ꩫီႈ ငိူင်ႇတႃ့။
- ꩱႃႈꩡိုဝ်ႈဢꩫ်ႈꩫီႈ ​ꩭေတ်တႃ့။
- ​ꩬေꩫ်ႛꩡႂ်ႈၸႂ်မꩫ်း ဢဝ်ႈၵၢဝ်ꩡၢင်တႃ့။

12/02/2024

အရိပ်ရှိမှ ခိုလှုံကြတယ်
===============

(၁) အမှားမကင်းနိုင်ပေမဲ့ နည်းအောင်ကြိုးစားရမယ်

အသာရေ သာရမတိနော၊
သာရေစာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊
မိစ္ဆာသင်္ကပ္ပဂေါစရာ။

အနှစ်မရှိတဲ့တရား အနှစ်ရှိ၊ အနှစ်ရှိတဲ့တရား အနှစ်မရှိလို့ အမှားမှားအယွင်းယွင်း ကြံစည်ယူစွဲထားမိရင် အနှစ်ရှိတဲ့တရားကို မပိုင်ဆိုင်ရပါ။

မြတ်ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမများကို ကချွတ်ကချော် သရော်စရာအဖြစ်နဲ့ သာမန်စာရင်းသွင်းကာ နေ့စဉ်သုံးဝေါဟာရတွေလို သုံးစွဲလာကြပြီ။ “ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ = မြင်ရင် မြင်တယ်မှတ်ပါ။” ဆိုတဲ့ ရှင်တော်မြတ်ရဲ့ ဒေသနာတော်ကို “ မြင်ရင် မြင်တယ်မှတ်ကွာဆိုပြီး မလောက်လေး မလောက်စား စကားတစ်ခွန်းနှယ် ပြောရက်ပြောထွက်လာကြပြီဖြစ်တယ်။ ဒါမျိုးဟာ သာမန်ကာလျှံကာ ပြောတယ်လို့ထင်ရပေမဲ့ လေးလေးနက်နက် သဘောထားရမယ့်အရာကို ပေါ့ပျက်ပျက်သဘောထားပြီး ပြောကြားနေကြခြင်းဖြစ်လို့ “ ဓမ္မဿ အဝဏ္ဏံ ဘာသတိ = တရားတော်ကို ကျေးဇူးမဲ့ ကဲ့ရဲ့လိုက်ခြင်းပဲဖြစ်ပါတယ်။ ကေသရာဇာခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်နဲ့သာ ထိုက်တန်ပါတယ်လို့ သိနေလျှက်နဲ့ တွေ့ကရာခွက်ထဲ ထည့်မိသူတချို့ကြောင့် မြတ်ဗုဒ္ဓရဲ့ ဓမ္မရသများ ဂုဏ်ပျက်ခဲ့ရပါပြီ။

တရားတော်တွေကို နာယူလိုက်ရင် သိတာပဲ၊ ဖတ်မှတ်ထားလည်း သိတာပဲလို့ အလွယ်ပြောတတ်ကြတယ်။ ပါဠိစာပေကို ရွတ်နိုင်ဖတ်နိုင် အာဂုံဆောင်နိုင်ရင် တတ်မြောက်ပြီလို့ အသေးအဖွဲကိစ္စလိုလည်း ထင်မြင်လာကြပါတယ်။ ကိုယ့်အတိုင်းအတာကိုယ်မသိဘဲ အားလုံးကလည်း ငါ့လိုပဲနေမှာပါဆိုပြီး ဇလုတ်တိုက်ချလာကြပါပြီ။ ဘုရားရှင်ရဲ့မျက်မှောက်မှာဆိုရင် ဟုတ်ကောင်းဟုတ်မှာပါ၊ သဗ္ဗညုတဉာဏ်ရှင်ဆိုတာ ပုဂ္ဂလစ္ဆာသယ၊ ဝေနေယျစ္ဆာသယကိုသိပြီးဖြစ်လို့ ဂါထာတစ်ပုဒ်တည်းနဲ့လည်း နိဗ္ဗာန်အရောက်ပို့နိုင်တာကိုးဗျ။ သို့စဉ်လျက် ဘုရားရှင်နဲ့ ပက်ပင်းတိုးခွင့် မကြုံခဲ့ကြရသူတွေအဖို့ ဘုရားခေတ်လူသားများအား ခြေရာမတိုင်းသင့်ကြပါ။ နှောင်းပိုင်းခေတ်လူသားများဆိုတာ နေယျပုဂ္ဂိုလ်တွေပါ။ စနစ်တကျ နည်းခံသင်ယူထားပြီး အပတ်တကုတ် ကြိုးစားအားထုတ်ယူကြပါမှသာ ဗုဒ္ဓသာသနာရဲ့အနှစ်သာရကို ခံစားခွင့်ရကြပါမယ်။ ပါရမီနည်းတဲ့အချို့ဆို ရေကုန်ရေခန်း ကြိုးစားအားထုတ်တာတောင် သီးကင်းလောက်လေးသာ စားသုံးခွင့်ရကြပါမယ်။ အဲ့ဒါတွေအတွက် မြတ်ဗုဒ္ဓရဲ့ ဟောကြားချက်၊ ပညတ်ချက်တို့ရဲ့ဆိုလိုရင်းများကို အနက်အဓိပ္ပါယ်တွေ အကောက်အယူမလွဲစေဘဲ တိတိပပ သို့တည်းမဟုတ် အနီးစပ်ဆုံးဖြစ်အောင် ကောက်ယူတတ်ဖို့ စနစ်တကျ သင်ကြားပေးနိုင်သူ(ကလျာဏမိတ်)ကို ရှာကြရပါတယ်။ ဗုဒ္ဓဘာသာဝင်ဖြစ်လင့်ကစား ဗုဒ္ဓစာပေများကို စနစ်တကျ လေ့လာမထားလို့ အနှစ်သာရကို အတွင်းကျကျ သိမထားခဲ့ရင် မျိုးစေ့မမှန် ပင်မသန်ဆိုဘိသို့ မြတ်ဗုဒ္ဓအလိုတော်ကျ သာဝကကောင်းမဖြစ်နိုင်ပါ။

စနစ်တကျ နည်းခံသင်ယူတယ်ဆိုတာ ဘာပါလဲ၊ ဘယ်လောက်အရေးကြီးပါသလဲလို့ စောကြောချင်ကြပေလိမ့်မယ်။ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဆိုလိုရင်း တစ်ခုတည်းကိုတောင် တစ်နေရာမှာ တစ်မျိုးဟောပေမဲ့ နောက်တစ်နေရာကျတော့ ပရိယာယ်တစ်မျိုးနဲ့ ဝေနေယျစ္ဆာသယအားလျော်စွာ ပြောင်းဟောတတ်ပါတယ်။ လောဘကို ရာဂ၊ တဏှာ၊ နန္ဒီစသဖြင့် ပရိယာယ်မျိုးစုံ သုံးဘိသို့ပါ။ သို့ကလို နေရာမျိုးတွေဆိုရင် ကျမ်းမနှံ့စပ်သူဖြစ်က အငြင်းပွါးစရာဖြစ်လာတယ်။ တော်တန်ရုံ ကျမ်းနှံ့စပ်ရင်တောင် ဆရာနည်းဆိုတဲ့ ကျမ်းညှိပုံမတတ်ထားရင် ဝေဝါးကြသေးတာပါပဲ။

ပန်းတစ်ပွင့်ကို ဘုရားလှူလို့ သေလွန်တဲ့အခါ ဘဝပေါင်းကုဋေ(၈၀) ငရဲမကျဘူးတဲ့။ ဒါက မြတ်ဗုဒ္ဓကိုယ်တော်တိုင် တိုက်ရိုက်ဟောထားတာပါ၊ သွယ်ဝှိုက်ပြီး နားလည်ရမှာက ပန်းတစ်ပွင့်ကို ဘုရားရှင်အား လှူဒါန်းလိုက်ရလို့ သူမအလွန့်အလွန် ပီတိဖြစ်တယ်။ သူမအလွန်နှစ်သက်တဲ့ အဲ့ဒီအလှူလေးကို အားအားရှိတိုင်း ပြန်တွေးနေတတ်တယ်။ စာလိုကျတော့ စာဂါနုဿတိပွါးတယ်ပေါ့။ ဒါနစေတနာကို အပြန်ပြန်အထပ်ထပ် ဖြစ်ပွါးစေခြင်း၊ အပရစေတနာမပျက်ယွင်းစေခြင်း ဖြစ်ပါတယ်။ တစ်ခုတည်းကို အစဉ်ဆက်မပြတ် ပွါးများနေလို့ အပရစေတနာက အားကြီးသည်ထက် ကြီးကြီးလာတဲ့အခါ ပန်းတစ်ပွင့်လှူခြင်းဆိုတဲ့ သာမညကုသိုလ်လေးဟာ အာစိဏ္ဏကံဆိုတဲ့ အားကြီးတဲ့ကုသိုလ်ကံဖြစ်လာပါတယ်။ အင်အားကြီးတဲ့နွားဟာ ခြံဖွင့်ဖွင့်ခြင်းမှာ အရင်ဦးစွာ တိုးထွက်လာနိုင်ဘိသို့ သတ္တဝါတွေ ဘဝကူးကြတဲ့အခါ ကံတွေထဲမှ အင်အားအကြီးဆုံးဖြစ်တဲ့ အာစိဏ္ဏကံက အရင်အကျိုးပေးတယ်။ ဒါက ပန်းတစ်ပွင့်လှူပြီး နတ်ပြည်ရောက်နိုင်ပုံကို အဓိပ္ပါယ်ပြည့်ပြည့်စုံစုံသိအောင် ဖွင့်ဆိုပြတာပါ။ ညောင်စေ့လောက်လှူပေမဲ့ ညောင်ပင်ကြီးလောက် ကုသိုလ်ရနိုင်ကြောင်းနဲ့လည်း လျဉ်းပါးနိုင်ပါတယ်။ ဒါက ဆရာအရှင်မြတ်တို့ စောကြောပြခဲ့ကြတဲ့ ပန်းတစ်ပွင့်ကုသိုလ်လေးပါ။

“ ပန်းတစ်ပွင့်ဘုရားလှူလို့ ကုဋေ(၈၀) ငရဲမကျဘူး၊ ညောင်စေ့လောက်လှူပေမဲ့ ညောင်ပင်ကြီးလောက် ကုသိုလ်ရပါတယ်” စတဲ့ အရာဌာနအားလျော်စွာ ဟောကြားထားတာတွေကို ကိုယ်လိုရာတွေးပြီး အမြဲတမ်း တစ်ထစ်ချ စွဲယူထားမယ်၊ စွဲယူထားတဲ့အတိုင်းလည်းပဲ တခြားပြုကျင့်ဖွယ်တွေကို မကျင့်ကြံ အားမထုတ်ဘဲနေမယ်ဆိုရင် အကျိုးဆက်က ဖြစ်လာဖို့မရှိပါ။ သို့ကြောင့် သို့ကလိုတစ်ထစ်ချ မစွဲယူသင့်တာကို စွဲယူသိမ်းပိုက်ထားခြင်းဟာ အတွေးမှား အကြံမှား အယူအဆမှားသာ ဖြစ်ပါတယ်။ နတ်သုဒ္ဓါဘောဇဉ်ထဲ မစင်တစ်ပဲသားလေး ကျသွားလို့ စားမရဘိသို့ သုံးမရတဲ့မိစ္ဆာသင်္ကပ္ပ ဖြစ်သွားပါတယ်။ မိစ္ဆာအယူကို စွဲယူထားတာမဟုတ်ပါဘဲနဲ့ မိစ္ဆာသင်္ကပ္ပဖြစ်သွားခဲ့ရရင် တကယ်ရင်ခံချင်စရာကြီးပါပဲ။

ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာတို့ဟာ ကုသိုလ်ကောက်ကြောင်းကို ခြေရာခံတဲ့အခါ အတော်လေး တူညီကြပါတယ်။ ၈၀% လောက်အထိ တူနေကြမယ် ထင်ပါတယ်။ မတူတာက အတ္တနဲ့ အနတ္တတို့ပါပဲ။ မတူတဲ့အပိုင်းကျတော့လည်း ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေကြကြောင်း တွေ့ရှိနိုင်ပါတယ်။ မတူတာက ပမွှားလေးလို့ ထင်ရပေမဲ့ အတော်ကြီးကို အရေးကြီးတဲ့ ခြားနားချက်ပါ။ ဘာသာတရားတစ်ခုရဲ့ အဓိကအနှစ်သာရကို ဖေါ်ဆောင်တဲ့အပိုင်းကိုးဗျ။ အနတ္တဆိုတာက နိဗ္ဗာန်နဲ့ ပရမတ်တို့ကလွဲရင် ဘယ်ဟာမှမမြဲ၊ ဘယ်အရာကိုမျှ တစ်ထစ်ချ မမှတ်ရ၊ ကုသိုလ်တရားများကိုတောင်မှ များသည်ထက်များ ကြီးသည်ထက်ကြီး နက်သည်ထက်နက်လာအောင် အမြဲတမ်း ကြံဆောင်ကြိုးစားကြရမှာပါ။ ဘုရားရဟန္တာတို့တောင်မှ အနားယူတော်မူကြတဲ့အခါ သမာပတ်ဝင်စားရင်း ကုသိုလ်တွေကို ပြန်နွှေးတော်မူနေကြတတ်ပါတယ်။

အားလုံးကိုသိတော်မူ အလုံးစုံကိုတတ်တော်မူတဲ့ မြတ်စွာဗုဒ္ဓကလွဲရင် “ငါ သိပြီ၊ ငါ တတ်ပြီ” ဆိုတဲ့အတွေးမှန်သမျှ မိစ္ဆာသင်္ကပ္ပများသာ ဖြစ်ပါတယ်။ မိစ္ဆာသင်္ကပ္ပက အနှစ်မရှိကို အနှစ်ရှိ၊ အနှစ်ရှိကို အနှစ်မရှိဖြစ်အောင် ပြုလုပ်တတ်ပါတယ်။ အမှားအယွင်း ကြီးကြီးမားမားမဖြစ်သေးခင် အနတ္တတရားကို အမြဲတမ်း နှလုံးသွင်းထားခြင်းဖြင့် ကျော်ဖြတ်ကြရပါမယ်။ ပုထုဇဉ်မို့လို့ အမှားမကင်းနိုင်ဘူးဆိုပေမဲ့ နည်းတန်သလောက်နည်းအောင်တော့ ကြိုးစားကြရမှာပါ။

(၂) သာသနာကို နိဿရည်းနဲ့ အသက်သွင်းရတယ်

သာသနံ ပုညဝန္တဿ၊
ပုညဝန္တာဝ လာဘိနော။
နပ္ပပုညာ ကရဟစိ၊
ပဂ္ဂဏှိတု မဝိသယာ။

မြတ်ဗုဒ္ဓရဲ့ သာသနာတော်ဆိုတဲ့ အဆုံးအမကို ဘုန်းကံကြီးမားသူတို့သာ လက်ခံရရှိကြရတယ်၊ ဘုန်းကံမဲ့သူတို့ကား သာသနာတော်ကို ချီးမြောက်ထောက်ပံ့ဖို့ရန် အရာဌာနမဟုတ်တဲ့အတွက် လားလားမျှမဆိုင်တဲ့။

ဒီဂါထာက ရှေးကျပြီး ဘယ်သူရေးမှန်းမသိပေမဲ့ သာသနာ့လက်စွဲလို့ပြောရလောက်အောင် အသုံးတွင်နေတယ်။ ဗုဒ္ဓသာသနာအတွင်းကလူများ တခြားဘာသာမကူးပြောင်းရေး ဆွဲဆောင်ကြတဲ့အခါမျိုးမှာ ဒီဂါထာက သိပ်အသုံးတည့်တယ်လေ။ သို့တစေ ဂါထာရဲ့ အနက်အဓိပ္ပါယ် အပြည့်အစုံကို မပြောပြနိုင်ဘဲ “ငါတို့က မြင့်ြတ်တယ်” ဆိုရုံလောက်သာ ပြောပြနိုင်တာဆိုရင် အောက်လမ်းနည်းနဲ့ သွေးဆောင်ဖြားယောင်းတာပဲ ဖြစ်ပါလိမ့်မယ်။

မြတ်ဗုဒ္ဓသာသနာတော်ကို မကြည်ညိုနိုင်၊ မထောက်ပံ့နိုင်သူဟာ ရှေးဘုန်းရှေးကံနည်းပါးသူဖြစ်တယ်ဆိုတာက ပြင်းထန်လွန်းသလိုရှိတယ်။ ဗုဒ္ဓသာသနာပြင်ပက လူတွေဆိုရင် ပသို့မျှ လက်ခံချင်မှာမဟုတ်ဘူး။ သို့စဉ်လျက် သာသနာ့နယ်ပယ်မှာတော့ အတော်လေး သာဘာဝကျတယ်လို့ ပြောနိုင်တယ်။ သဘာဝကျတယ်လို့ ပြောရတာက ဗုဒ္ဓသာသနာနဲ့ဆက်စပ်တဲ့ကုသိုလ်မျိုးကြောင့် လက်ရှိဘဝမှာ အကျိုးတစ်စုံတစ်ရာ ခံစားနေရသူဟာ ဗုဒ္ဓသာသနာတော်ကို ပုဗ္ဗေစကြောင့် အလိုလိုနေရင်း ကြည်ညိုနေ၊ ထောက်ပံ့နေချင်မှာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာကြောင့် ကြီးပွါးချမ်းသာနေသူမဟုတ်ရင် မဟုတ်ဆိုတဲ့အကြောင်းလွဲခြင်းကြောင့် သို့တည်းမဟုတ် လက်ရှိအကျိုးရဲ့ မူရင်းအကြောင်းကြောင့် ဗုဒ္ဓသာသနာတော်ကို အလိုလိုနေရင်း အကောင်းမမြင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ ထောက်ပံ့ဖို့ဆိုရင်တော့ ပိုဝေးနိုင်တာပေါ့။ သို့ကလိုဖြစ်နိုင်ချေကိုပဲ ဒီဂါထာမှာ အငြင်းပွါးချင်စရာ အပ္ပပုညလို့ ဆိုထားတာပါ။

ကမ္ဘာပေါ်က ဩဇာအာဏာရှိဆုံး အမေရိကန်သမ္မတများ၊ ကြီးပွါးချမ်းသာကြတဲ့ အာရေဗီးယားရေနံသူဌေးများ၊ ပညာဉာဏ်ထက်မြတ်သူ အိုင်စတိုင်း၊ အက်ဒီဆင်စတဲ့ သိပ္ပံပညာရှင်များဟာ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ အတိတ်ကုသိုလ်ကံကောင်းများ ထောက်ပံ့ပေးခဲ့ကြသူတွေဖြစ်လို့ စင်စစ်မှာ ဘုန်းရှင်ကံရှင်တွေဖြစ်တယ်။ သို့စဉ်လျက် မြတ်ဗုဒ္ဓသာသနာတော်ကို ကြည်ညိုကြသူများတော့ မဟုတ်ကြပါ။ သူတို့နဲ့ဆက်စပ်ပြီး သိထားကြရမှာက သူတို့ဟာ ဗုဒ္ဓသာသနာပြင်ပက ကုသိုလ်ရေးများကြောင့် အဆင့်အတန်းမြင့်မားတဲ့ ကောင်းကျိုးများကို ရရှိခံစားနေကြရသူတွေဖြစ်တယ်ဆိုတာပါပဲ။ ဆိုခဲ့တာတွေကို ထောက်ထားလိုက်ရင်တော့ ဂါထာထဲက အပ္ပပုညဆိုတာ ဗုဒ္ဓသာသနာနဲ့စပ်တဲ့ကုသိုလ်အကြောင်းကံမရှိသူများလို့ အဓိပ္ပါယ်ဖွင့်ဆိုရပါမယ်။ သို့မှသာ အနက်အဓိပ္ပါယ်က သမာသမတ်ကျပြီး အများလက်ခံနိုင်ဖွယ်ဖြစ်ပါမယ်။

ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓသာသနာပြင်ပက ကုသိုလ်များရဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စောကြောမှုနည်းပါးခဲ့ကြတယ်။ သို့ဖြစ်လို့ အဆိုပါဂါထာကို အနက်ပြန်ဆိုတဲ့အခါမှာ ဘုန်းကံမရှိသူဆိုရင် ဗုဒ္ဓသာသနာတော်ကို မရနိုင်ပါလို့ ဂရဟအနက်နဲ့ ပြန်ဆိုတတ်ကြတယ်။ ဂါထာမှာပါတဲ့ အဝိသယာပါဌ်ကို ထောက်ထားပြီး ဗုဒ္ဓသာသနာနဲ့ စပ်ဆိုင်တဲ့ ဘုန်းကံနည်းပါးခြင်းကြောင့်လို့ဆိုရင် အနက်အဓိပ္ပါယ် ပိုမိုထိရောက်ပါတယ်။

ဗုဒ္ဓသာသနာပြင်ပက ကုသိုလ်များဟာလည်း ကုသိုလ်များပင်ဖြစ်ပါတယ်။ ကုသိုလ်မှန်သမျှနဲ့ ဆက်စပ်ပြီး သိပ်မှတ်သားစရာကောင်းတဲ့ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အဆိုအမိန့်တစ်ခု ရှိတယ်။ “ ကုသိုလ်မှန်သမျှကို အထင်မသေးသင့်၊ ကုသိုလ်များဟာ အထင်အမြင်သေးစရာမဟုတ်၊ သာဓုမခေါ်နိုင်ရင်တောင်မှ မကဲ့ရဲ့မိကြပါစေနဲ့” တဲ့ဗျ။ ဖြစ်နိုင်ရင် ကုသိုလ်မှန်သမျှကို မုဒိတာပွါးခြင်းဖြစ်တဲ့ သာဓုခေါ်ဆိုမှုနဲ့ ဂုဏ်ပြုကြရမှာပါ။ ဒါတွေနဲ့ဆက်စပ်ပြီး တွေးမိတာလေးတစ်ခုရှိတယ်။ ဗုဒ္ဓသာသနာပြင်ပက ကုသိုလ်တွေကို များများစားစား ထိထိရောက်ရောက် ပြုလုပ်ခဲ့ကြသူတွေဟာ ဗုဒ္ဓသာသနာပြင်ပမှာ သစ္စာလေးပါးကို အလိုလိုသိသွားတော်မူကြတဲ့ ပစ္စေကဗုဒ္ဓအရှင်မြတ်များ ဖြစ်သွားကြလေသလားပေါ့။

ဆိုခဲ့ပါဂါထာနဲ့ဆက်စပ်ပြီး အဓိကပြောချင်တာက ကျမ်းညှိတတ်ခြင်း၊ အနက်အဓိပ္ပါယ်ကောက်ယူတတ်ခြင်းအကြောင်းတွေပါ။ စာလေးတစ်ပုဒ်၊ နှစ်ပုဒ်လောက်ဖတ်ပြီး အသည်းခိုက်သွားတဲ့စာရေးသူရဲ့ဆွဲဆောင်ရာနောက်သို့ တကောက်ကောက်ပါအောင် လိုက်သွားခဲ့မိတဲ့သူဟာ အဆိုပါစာအရနဲ့ဆန့်ကျင်နေရင် မကောင်းပြောတတ်ကြတယ်။ ကျမ်းမညှိတတ်တဲ့စာဆိုတစ်ဦးဦးရဲ့စာအရဆိုရင် ပြဿနာဖြစ်ကရောပေါ့။ သာသနာနောက်ပိုင်းမှာ ဘုရားကို ဘုန်းကြီးကွယ်တယ်ဆိုဘိသို့ ပုဂ္ဂိုလ်နောက်လိုက်ရင်း သူတပါးရဲ့ အတင်းအဖျင်းတွေကို လွယ်လွယ်ကူကူ ပြောဆိုနေကြတာဟာ အတော်ကြောက်စရာ ကောင်းလာပြီလေ။ သို့စဉ်အခါ သာသနာတော်ကပဲ အနှစ်သာရမဲ့သလိုလိုနဲ့ ဗုဒ္ဓစာပေတွေက အနောက်တိုင်းပညာရှင်များရဲ့ အဆိုအမိန့်တွေနောက် ရောက်နေခဲ့ကြရပါပြီ။ သို့ကလိုမဖြစ်ရလေအောင် ရှင်တော်မြတ်ဘုရားက ရှင်ရဟန်းများဟာ ရဟန်း ၅ - ဝါအထိ အနည်းဆုံးသတ်မှတ်ပြီး နိဿရည်းခံကြဖို့ ပညတ်တော်မူခဲ့ပါတယ်။ နိဿရည်းခံယူနိုင်ကြရန်လည်း ထေရာထေရ အဆက်ဆက်တို့က နည်းမျိုးစုံနဲ့ ကြိုးပမ်းတော်မူခဲ့ကြပါတယ်။ မျက်မှောက်ကာလမှာ ပရိယတ္တိစာသင်များကို နိဿရည်းခံရာဌာနများအဖြစ် မြင်တွေ့နိုင်ကြပါတယ်။

လောကကြီးထဲက အလွဲတွေ၊ အမှားတွေကို တစ်ဦးတစ်ယောက်တည်း၊ တစ်ထိုင်တည်းနဲ့ ဖြေရှင်းလို့မပြီးနိုင်ပါ၊ ခေတ်အဆက်ဆက်မှာ လူပေါင်းများစွာတို့ဟာ ဆက်ကာဆက်ကာ လွဲနေမှားနေကြမှာပါ၊ မြတ်ဘုရားလိုပုဂ္ဂိုလ်မြတ်ကြီးက အပြည့်အစုံ အလုံအလောက် ဟောပြောဖြေရှင်းတော်မူခဲ့ပြီးဖြစ်ပေမဲ့ ဒီကနေ့တိုင် လွဲနေကြမှားနေကြ ဖြေရှင်းနေကြရမြဲဖြစ်နေပါတယ်။ ဆက်လက်ပြီးလည်း ဒီအမှားသံသရာစက်က လည်ပတ်နေပါဦးမယ်။ လွဲနေမှားနေကြဖို့ သင်စရာမလိုအပ်ပေမဲ့ အလွဲအမှားများကို ဖြေရှင်းဖို့ကျတော့ စနစ်တကျ သင်ယူထားကြပါမှဖြစ်ပေလိမ့်မယ်။ သို့အတွက် မြတ်ဗုဒ္ဓရဲ့ အယူဝါဒတွေဆိုတဲ့ ဗုဒ္ဓစာပေများကို အစဉ်ဆက်မပြတ် စနစ်တကျ သင်ကြားပို့ချပေးနေကြရပါလိမ့်မယ်။ စာလိုပေလိုပြောတော့ နိဿရည်းခံကြရမှာပေါ့။ တကယ်လို့ အဆိုပါသင်ကြားခြင်း၊ သင်ယူခြင်းလုပ်ငန်းကြီး ရပ်စဲသွားပါက မျက်မှောက်ဗုဒ္ဓဘာသာဝင်များ မကြားချင်ကြပါဘူးဆိုတဲ့ သာသနာတော်မြတ်ကြီး ကွယ်ပသွားပါလိမ့်မယ်။ အလွဲအမှားများကို ဖြေရှင်းပေးနိုင်သူမရှိတော့တဲ့အခါ အလွဲပေါ်အလွဲဆင့် အမှားပေါ်အမှားဝင့်ကာ အမှောင်ကမ္ဘာကြီးဖြစ်သွားလေသတည်းပေါ့။ သို့ကြောင့် နိဿရည်းခံယူရာ ပရိယတ္တိစာသင်တိုက်များနဲ့ ရိပ်သာများဟာ ဗုဒ္ဓသာသနာတော်အသက်ဆက်နိုင်ရေးအတွက် အထူးလိုအပ်ပါတယ်။

(၃) အရိပ်ရှိမှ ခိုလှုံကြတယ်

သာရဉ္စ သာရတော ဉတွာ၊
အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊
သမ္မာသင်္ကပ္ပဂေါစရာ။

အနှစ်ရှိတဲ့တရား အနှစ်ရှိ၊ အနှစ်မရှိတဲ့တရား အနှစ်မရှိလို့ မှန်မှန်ကန်ကန် ကြံစည်ယူဆနိုင်ရင် အနှစ်ရှိတဲ့တရားကို ပိုင်ဆိုင်ရပါမယ်။

အရွက်မရှိတဲ့သစ်ပင် အရိပ်မရှိလို့ ဘယ်သူမှ အရိပ်မခိုဘူး။ ဆိုတော့ အရိပ်ရဖို့ သစ်ရွက်ရှိခြင်း မရှိခြင်းက စကားပြောလာတယ်။ ဟုတ်ပါတယ်၊ သစ်ရွက်တွေဟာ နေရဲ့အပူကို ကာကွယ်ပေးတဲ့အပြင် အအေးဓါတ်ကိုလည်း ပေးစွမ်းတတ်ပါသေးတယ်။ ဇီဝသိပ္ပံပညာအရဆိုရင် သက်ရှိများရဲ့အသက်ရှင်သန်ခြင်းမှာ အလွန်အရေးပါတဲ့ အောက်ဆီဂျင်ကို သစ်ရွက်တွေက ထုတ်လွှတ်ပေးပြီး သက်ရှိတွေရှူထုတ်လိုက်တဲ့ နိုက်ထရိုဂျင်ကိုကျတော့ သူတို့ရဲ့အစာအာဟာရအဖြစ် စုပ်ယူစားသုံးတတ်ပါသတဲ့။ သို့ဖြစ်လို့ စိမ်းစိမ်းစိုစိုနဲ့ အရွက်တွေဝေဆာနေတဲ့သစ်ပင်ဆိုရင် သက်ရှိသတ္တဝါတွေက သဘာဝအလျောက်ပင် အလိုလိုကို သွားရောက်ခိုလှုံတတ်ကြလေရဲ့။ သစ်ပင်နဲ့သက်ရှိတို့ရဲ့ ဆက်စပ်မှုကို သုံးသပ်ရရင် သစ်ရွက်က အဓိကအနှစ်သာရဖြစ်နေပါတယ်။

လူနဲ့လူချင်း ရေပြင်ညီဆက်ဆံရေးမှာရော အနှစ်သာရက ဘာဖြစ်နိုင်မလဲ?? မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ သူကြီးနဲ့ရွာသား၊ အုပ်ချုပ်သူနဲ့အုပ်ချုပ်ခံသူစတဲ့ အထက်အောက်ဆက်ဆံရေးမှာရော အနှစ်သာရက ဘယ်ဟာဖြစ်နေမလဲ?? နှစ်ချက်စလုံးကို ဘုံဆိုင်ကိန်းအဖြစ် အနှစ်သာရတစ်ခုတည်းထုတ်ပြပါဆိုရင် ကိုယ်ချင်းစာတရားပဲဖြစ်မယ် ထင်ပါတယ်။ အနှစ်သာရက တစ်ခုလောက်လေးဖြစ်ဖြစ် မပါလို့မဖြစ်ဘူးလေ။ တကယ်လို့သာ အနှစ်သာရကို ရှာမတွေ့နိုင်ကြဘူးဆိုရင် ဆက်ဆံရေးက အဆင်မပြေနိုင်ပါ။ စင်စစ်မှာလည်း အဆင်မပြေတဲ့ဆက်ဆံရေးတွေ လောကကြီးမှာ ဒုနဲ့ဒေးပါပဲ။ သို့ကလိုဆက်ဆံရေးမျိုးအားလုံးကို စစ်ဆေးကြည့်လိုက်ပါ၊ အနှစ်သာရ ကင်းမဲ့နေတာကို တွေ့ကြရပါလိမ့်မယ်။

ပရိယတ္တိစာသင်တိုက်ဆိုပြီး ဆိုင်းဘုတ်ကို တခမ်းတနားနဲ့ ရေးထိုးထားကြပေမဲ့ ကျောင်းထဲမှာတော့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်တွေ များလာကြပြီ။ ပသို့ကြောင့် သို့ကလိုဖြစ်ကြရတာလဲဆိုရင် အနှစ်သာရ ကင်းမဲ့လာကြလို့ပါ။ ဒီနေရာအတွက် အနှစ်သာရကတော့ သေချာစေ့ငုကြရပါဦးမယ်။ ဗုဒ္ဓသာသနာတော်မြတ်ကြီးရဲ့ အနာဂတ်၊ မျက်မှောက်လူ့လောကကြီးရဲ့ ငြိမ်းချမ်းရေးစတဲ့ အရေးကြီးကိစ္စတွေအတွက် သိပ်အရေးကြီးနေသမို့ပါ။

လူတွေသဒ္ဓါတရား အားနည်းလာကြလို့လို့တော့ ထမင်းရည်ပူလျှာလွဲ မလုပ်လိုက်ကြပါနဲ့။ သို့ကလို ဖြေဆိုခဲ့ပါရင် ဝတ်ကြေဝတ်ကုန် ဖြေဆိုခြင်းလို့ပဲ မှတ်ယူရပါလိမ့်မယ်။ လူတွေသဒ္ဓါတရား နည်းပါးလာကြတာက သာသနာတစ်ရပ်လုံးအပေါ်ဖြစ်နေသမို့ အဲ့ဒါကဘုံဆိုင်ပြဿနာကြီးဖြစ်နေပါတယ်။ အဲ့ဒါကိုလည်း ဝိုင်းဝန်းဖြေရှင်းနိုင်ဖို့ သပ်သပ်ကို ကြိုးစားကြရမှာတော့ ဟုတ်ပါတယ်။ သို့နှင့်တိုင် ပရိယတ္တိစာသင်တိုက်များ ကျရှုံးနေကြရခြင်းကိစ္စအပေါ်မှာတော့ လူတွေသဒ္ဓါတရားအားနည်းလာကြလို့ဆိုတဲ့ အကြောင်းပြချက်ဟာ သိပ်ကိုကြီးမားလွန်းပါတယ်။ သို့ဖြစ်လို့ နိဿရည်းပေးခြင်းနဲ့ နိဿရည်းခံယူကြရခြင်းကိစ္စရပ်အပေါ် ဘဇာကြောင့် သဒ္ဓါတရား နည်းပါးလာကြရတာလဲဆိုတာကိုပဲ အဖြေရှာသင့်ကြပါတယ်။ သို့မှသာ ပရိယတ္တိစာသင်ကြီးများရဲ့ ခေါင်းကိုင်ဖခင်ကြီးတို့က မိမိတို့ဘာသာ ပြန်လည်ဆန်းစစ်လာနိုင်ကြမှာဖြစ်ပါတယ်။

အရှင့်အနေနဲ့ ဖြစ်တန်ချေ ဆန်းစစ်စရာပေတံလေးတွေ ထုတ်ပြဆွေးနွေးချင်ပါတယ်။

ပရိယတ္တိစာသင်တိုက်တစ်ခုရဲ့ အုပ်ချုပ်သူဟာ နာယကဂုဏ် ၆ - ပါးနဲ့ ပြည့်စုံရဲ့လား???

စာချဘုန်းတော်ကြီးများဟာ ဆရာ့အင်္ဂါ ၅ - ပါးနဲ့ ညီညွတ်ကြရဲ့လား???
( မှတ်ချက်။ ။ ဒီနေရာမှာ ထုတ်ပြထားတဲ့ပေတံတွေထဲ ဘွဲ့ရပညာတတ်ဆိုပြီး မပါလာတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်၊ မြတ်ဗုဒ္ဓရဲ့ အလိုတော်ကျအရ ပေတံထုတ်ကြည့်တဲ့အခါမှာ အဆိုပါဘွဲ့တံဆိပ်များဟာ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွါးရေးအတွက် ပင်မဖြစ်နေကြောင်း မတွေ့ရလို့ မထည့်လိုက်တာပါ။ သေခိယ၊ ပရိတ်ကြီးစသဖြင့် မိမိတတ်နိုင်တာကို နိဿရည်းကျကျ သင်ပေးနေရင်လည်း ဆိုခဲ့ပါဆရာ့အင်္ဂါ ၅ - ပါးနဲ့ပြည့်စုံရင် ဒီစာစုအရ ဆရာအဖြစ်သတ်မှတ်လိုပါတယ်။ တချို့အစဉ်အလာတွေက ခေတ်မမီတော့ပါဆိုပြီး ဖြုတ်ချန်ထားခဲ့လို့မဖြစ်နိုင်ပါ။ )

ဗုဒ္ဓသာသနာတော်မြတ်ကြီးရဲ့ အနှစ်သာရကို ဖေါ်ထုတ်ကြတဲ့အခါ အလွန်အရေးပါတဲ့ ကိစ္စကြီးတစ်ရပ် ရှိနေပါသေးတယ်။ မျက်မှောက်ခေတ်မှာ တရားရိပ်သာများအဖြစ်သိနေကြတဲ့ တရားဓမ္မများလေ့ကျင့်အားထုတ်နိုင်ဖို့ နိဿရည်းခံရာဌာနများအကြောင်း ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးစ နိုင်ငံတော်ကို ပြန်လည်ထူထောင်ရေးလုပ်ကြတော့ မြတ်ဗုဒ္ဓရဲ့ ပဋိပတ္တိလုပ်ငန်းနဲ့ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်သူများကို သမာသမတ်ကျကျ ပြုမူပြောဆိုတတ်အောင် လေ့ကျင့်ထိန်းကျောင်းပေးဖို့ မူဝါဒရေးဆွဲခဲ့ကြတယ်။ မြန်မာကနေ ကမ္ဘာကိုဖြန့်ဝေဖို့ပါရည်ရွယ်ပြီး နိုင်ငံတော်ဝန်ကြီးဦးနုအမှူးပြုတဲ့ နိုင်ငံတော်အုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ ဆာဦးသွင် အမှူးပြုတဲ့ သူဌေးသူကြွယ်ကြီးများ ပူးပေါင်းကာ နိုင်ငံတော်အဆင့် ပဋိပတ္တိဌာနကြီးတစ်ခု တည်ထောင်ခဲ့ကြတယ်။ ကနဦးမှာ ထင်ရှားကျော်ကြားတဲ့ ကမ္မဋ္ဌာန်းနည်းပြများကို အလှည့်အကြိမ်နဲ့ ပင့်ဆောင်ပြီး တရားပြစေဖို့ ရည်ရွယ်ခဲ့ကြပေမဲ့ မဟာစည်ဆရာတော်ကို တွေ့ရှိပြီးနောက်မှာတော့ အဆိုပါဌာနကို မဟာစည်ရိပ်သာအဖြစ် အပြီးတိုင် အပ်နှင်းခဲ့ကြပါတယ်။ ထိုစဉ်က နိုင်ငံတော်တာဝန်ရှိလူကြီးများနဲ့ ဒေသအသီးသီးက ရဟန်းသံဃာတို့ရဲ့ ပဋိပတ္တိသာသနာထွန်းကားပြန့်ပွါးရေး အစီအမံတွေရေးဆွဲကြပြီး အားသွန်ကြိုးကုတ်ခဲ့ကြပါတယ်။ အခြားအားထုတ်နည်းများလည်း သူ့နည်းသူ့ဟန်နဲ့ ကြိုးစားခဲ့ကြပါတယ်။ အခုဆိုရင် စာသင်တိုက်နဲ့ရိပ်သာ အရေအတွက်နှိုင်းယှဉ်လိုက်ရင် ရိပ်သာစာရင်းက ပိုနေလိမ့်မယ် ထင်ပါတယ်။ ပဋိပတ္တိသာသနာတော်အတွက် အားရစရာပါပဲ။

တရားရိပ်သာတွေကတော့ ဖြစ်သင့်တာထက် ဖြစ်နေကြတာက အပိုအလွန်တောင် ဖြစ်နေကြပါပြီ။ ဒီကိစ္စမှာကျတော့ ဖွံ့ဖြိုးရေးထက် စာပေနဲ့အညီ စနစ်တကျဖြစ်အောင် ထိန်းကွပ်ရေးက အရေးပါလာတယ်။ သို့ကြောင့် ရိပ်သာတစ်ခုချင်းစီအတွက် အထူးပြောစရာမရှိပါ။ နိုင်ငံတစ်ဝှမ်းလုံး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပရိယတ္တိမကင်းတဲ့ ပဋိပတ္တိပေတံတစ်ခု သတ်မှတ်ကြရန်သာ ပြောရမှာပါ။ “ကျမ်းဂန်နဲ့မညီလည်း တရားက တရားပါပဲ၊ ကိုယ်တွေ့ရှိတယ်” ဆိုတာတွေနဲ့ ဘုရားဟောနဲ့မညီ သကဝါဒမာန်ဖီနေကြတဲ့ ရိပ်သာတွေကို ထေရဝါဒလို့ ပြောမရပါဘူး။ အဲ့ဒါတွေကို စာပေနဲ့တိုက်ဆိုင်စစ်ဆေးပြီး ထေရဝါဒခေါင်းစဉ်အောက်က ထွက်စေရမှာဖြစ်ပါတယ်။

မြတ်ဗုဒ္ဓကိုယ်တော်တိုင်က “ အာကင်္ခမာနော အာနန္ဒ သံဃော မမစ္စယေန ခုဒ္ဒါနုခုဒ္ဒကာနိ သိက္ခာပဒါနိ သမူဟနတု။” ဆိုပြီး ရဟန်းတို့ရဲ့အသက်ပါဆိုတဲ့ ဝိနည်းသိက္ခာပုဒ်အချို့ကိုတောင် ပယ်နှုတ်လိုက ပယ်နှုတ်ကြစေဆိုပြီး အခွင့်ပေးသနားတော်မူခဲ့သေးတာပဲ၊ လိုတိုးပိုလျော့လုပ်ပြီး သကဝါဒထူထောင်လိုကြသူများကလည်း ထေရဝါဒအောက်ကထွက်ပြီး ရဲရဲဝံ့ဝံ့ ထူထောင်လိုက်ကြစမ်းပါ၊ မဟာယာနစတဲ့ ဝါဒတွေကလည်း ဆိုခဲ့ပါ မဟာဝါပါဠိတော်အရဆိုရင် ဘုရားအလိုတော်ကျပါတယ်ဗျာ။ အခုက စာပေလည်း ကောင်းကောင်းမသင်၊ တချို့ကျတော့ စာပေတတ်မြောက်ပေမဲ့ ဆရာ့နည်းနိဿရည်းတွေ ကောင်းကောင်းမခံယူမိခဲ့ကြတော့ သာသနာတော်မြတ်ကြီးထဲမှာ ဝိဝါဒတွေနဲ့ ဗွက်ထကုန်ရော။ သို့ကြောင့် ဗုဒ္ဓဘာသာဝင်များရှိရာနေရာတိုင်းမှာ ပရိယတ္တိစာပေကို စနစ်တကျသင်ကြားပေးရာဌာနတွေနဲ့ ထေရဝါဒဗုဒ္ဓစာပေလာအတိုင်း လက်တွေ့လေ့ကျင့်ပေးရာ ရိပ်သာတွေ လိုအပ်ပါတယ်။

( မြတ်ဗုဒ္ဓသာသနာတော်မြတ်ကြီးမှာ အဓိကကိစ္စကြီးနှစ်ရပ်က ပရိယတ္တိနဲ့ ပဋိပတ္တိပါ။ အဆိုပါ ကိစ္စကြီးနှစ်ရပ်ထဲက ပရိယတ္တိကိစ္စကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဦးစီးဦးဆောင်ပြုနေနိုင်တာကို သတိထားမိပါတယ်။ သို့စဉ်လျက် ပဋိပတ္တိကိစ္စကိုကား တိတိပပ ဦးစီးဦးဆောင်ပြုနိုင်တဲ့အဖွဲ့အစည်း မရှိဘဲဖြစ်နေပါတယ်။ မဟနမှ ဦးဆောင်ခြင်းမပြုနိုင်ရင် ပဋိပတ္တိဌာနများအနေနဲ့ တစ်နှစ်တစ်ကြိမ်မဟုတ်တောင် သုံးနှစ်တစ်ကြိမ်လောက် ညီလာခံကျင်းပပြီး မူဘောင်တစ်ခုခု ရေးဆွဲပြုပြင်ထိန်းသိမ်းသင့်ကြပါပြီ။ )

ပရိယတ္တိစာပေကို အခြေခံကျကျ သင်ယူထားပြီး ပဋိပတ္တိကိုလည်း ဆရာနည်းကျ သင်ကြားအားထုတ်ထားကြပါက ဘာတရားဟောဟော ဘာစကားပြောပြော ဘုရားဟောနဲ့အညီ ဖြစ်လာကြပါမယ်။ ဒါဟာ အနှစ်မရှိကိုမရှိ၊ အနှစ်ရှိကိုရှိလို့သိခြင်း သမ္မာသင်္ကပ္ပဆိုတဲ့ မဂ္ဂင်လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းလည်း ဖြစ်ပါတယ်။ အနှစ်မရှိတဲ့အရာ အနှစ်မရှိလို့ပယ်ခြင်းနဲ့ အနှစ်ရှိတဲ့တရား ကိုယ့်ဆီမှာဖြစ်ထွန်းပွါးများလာအောင်အားထုတ်ခြင်း သမ္မာဝါစာ၊ သမ္မာကမ္မန္တမဂ္ဂင်တို့ လည်း အဆင့်ဆင့်ဖြစ်ပွါးလာစေမှာပါ။

(၄) မဟာတိလောကာရာမပရိယတ္တိစာသင်တိုက်

မြန်မာပြည်ရဲ့ ရဟန်းလောကမှာ ဘုရားတည်နိုင်သူက ဘုရားတည်တယ်၊ ပဋ္ဌာန်းပွဲလုပ်နိုင်သူက ပဋ္ဌာန်းပွဲလုပ်တယ်၊ ယဉ်ကျေးမှုသင်တန်းဖွင့်နိုင်သူက ယဉ်ကျေးလိမ်မာသင်တန်းဖွင့်တယ်၊ တရားစခန်းဖွင့်နိုင်သူက တရားစခန်းဖွင့်တယ်၊ ကျူရှင်ဖွင့်နိုင်သူက ကျူရှင်ဖွင့်တယ်၊ စာသင်တိုက်ဖွင့်နိုင်သူက စာသင်တိုက်ဖွင့်တယ်၊ သို့နှင့်ပင် မြန်မာပြည်မှာ မြတ်ဗုဒ္ဓသာသနာတော်ကြီး အရှည်ခန့်ပြီး တည်တံ့နေနိုင်အောင် ကြိုးစားတော်မူခဲ့ကြ၊ ကြိုးစားတော်မူနေကြပါတယ်။ အကုန်လုံးက တိုင်းနဲ့ပြည်သူတို့အတွက် လိုအပ်ချက်များပင်ဖြစ်ပါတယ်။ သို့နှင့်တိုင် အရေးအကြီးဆုံးကို တစ်ခုတည်းရွေးချယ်ပြောပါဆိုရင် ပရိယတ္တိစာပေပို့ချခြင်းကိုပဲ ရွေးချယ်ကြရပါလိမ့်မယ်။ အကြောင်းက “ ပရိယတ္တိနာမ သာသနဿ မူလံ” ဆိုတဲ့ဝါကျအတိုင်း သာသနာတော်မြတ်ကြီးရဲ့ အဓိကရေသောက်မြစ်ဟာ ပရိယတ္တိဖြစ်နေလို့ပါပဲ။ ဗုဒ္ဓစာပေကို ဘုရားရှင်အလိုတော်ကျအတိုင်း မူလဆိုလိုရင်းကို မသိရှိထားကြပါက အမြစ်ဆွေး အမြစ်ပုပ်လာတဲ့သစ်ပင်ပမာ သာသနာတော်မြတ်ကြီးက ယိုင်နဲ့သွားပါလိမ့်မယ်။ သို့ဖြစ်လို့ ပရိယတ္တိစာပေသင်ကြားခြင်းလုပ်ငန်းဆိုတဲ့ မြစ်တစ်စင်းကို အမြဲတမ်းစီးဆင်းနေနိုင်အောင် ရဟန်းရှင်လူအားလုံး ဝိုင်းဝန်းကြရပါလိမ့်မယ်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရဲ့ ပရိယတ္တိစာပေသင်ကြားခြင်းလုပ်ငန်းကိုတော့ဖြင့် မဟာတိလောကာရာမပရိယတ္တိစာသင်တိုက်က အကြီးအမှူးအနေနဲ့ ဦးဆောင်ဦးရွက်ပြုနေပါတယ်။ မိုးကောင်းနယ်သားများပင်မက အနယ်နယ်အရပ်ရပ်မှလည်း ပရိယတ္တိစာပေလာရောက်ဆည်းပူးခွင့်ရရှိအောင် ရွှေရင်တံခါးကြီး ဖွင့်ကာကြိုဆိုနေပါတယ်။ စာသင်တိုက်ရှိလည်းပျက်၊ စာသင်တိုက်တည်ထောင်နိုင်စွမ်းလည်းမရှိတဲ့ မြို့ပြများနဲ့စာရင် မိုးကောင်းမြို့က အတော်ကံကောင်းတယ် ပြောရပေမယ်။

မဟာတိလောကာရာမစာသင်တိုက်ကို တည်ထောင်ဖန်ဆင်းတော်မူခဲ့ပါသော ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောက မဟာထေရ်ကား ကမ္ဘာ့အဆင့် ဆဋ္ဌသင်္ဂီတိကာရကဖြစ်တော်မူတယ်။ နိုင်ငံတော်အဆင့် ပထမအကြိမ်သံဃဝန်ဆောင်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့တဲ့အပြင် သာသနာအဖျားပိုင်းကျတဲ့ ကချင်ပြည်နယ်သို့ ပဋိပတ္တိလုပ်ငန်းနဲ့ တောင်တန်းသာသနာပြုလုပ်ငန်းတို့ ရောက်ရှိလာအောင် ကနဦး ဆောင်ရွက်တော်မူခဲ့ပါတယ်။ ယခုအခါ ဆရာတော်ဘုရားကြီးရဲ့ ဖန်ဆင်းချက်တွေထဲက မဟာတိလောကာရာမစာသင်တိုက်ကြီးဟာ နှစ်(၅၀) ရွှေရတုတိုင်ခဲ့ပါပြီ။ သာသနာတော်ထွန်းကားရာ မြို့ကြီးပြကြီးများမှာတောင်မှ စာသင်တိုက်ပျက်တွေ အစီအရီဖြစ်လာနေတဲ့ခေတ်ကြီးမှာ ကချင်ပြည်နယ်လိုဒေသမှာ သက်ဝင်လှုပ်ရှားနေနိုင်တဲ့ ဒီစာသင်တိုက်ဟာ တကယ်ဂုဏ်ယူဖွယ် ရုပ်ပြကြီးဖြစ်ပါတယ်။ ဒါဟာ စာသင်တိုက်ကြီးရဲ့ လက်ရှိခေါင်းကိုင်ဖခင်ကြီးနဲ့ စာချစာသင် ထေရ်အရှင်အပေါင်းတို့သဒ္ဓါစွမ်းအား မည်မျှအားကောင်းကြောင်း ပြသနေခြင်းလည်းဖြစ်ပါတယ်။ အရိပ်ရှိလို့ အခါမပြတ် ခိုလှုံသူတွေရှိခဲ့တဲ့ သာသနာ့ကွန်းခိုရာကြီးပေပေါ့။

အနှစ်ချုပ်ရရင် မဟာတိလောကာရာမစာသင်တိုက်ဆိုတဲ့ သာသနာ့ရိပ်သာနယ်မြေဟာ စာသင်သားများရဲ့ ကွန်းခိုရာအဖြစ်ရော သာသနာ့ရိပ်သာကြီးအဖြစ်ပါ စံပြအနေနဲ့ သာသနာ့လုပ်ငန်းစဉ်ကြီးနှစ်ရပ်ကို ပူးတွဲထမ်းဆောင်နေတဲ့ ရှားပါးတန်းဝင် ကျောင်းတော်ကြီးပင်ဖြစ်ပါတယ်။ သို့ကလို ရတနာထိုက်လောက်အောင် အဖိုးတန်ပါသော ကျောင်းတော်ကြီးဟာ ကမ္ဘာတည်သ၍ ဆက်လက်တည်တံ့နိုင်ပါစေကြောင်း ဆန္ဒမွန်ပြုလိုက်ရပါတယ်။

အရှင်ကုသလာနန္ဒ (ငြိမ်းနန္ဒ)
ဒေဝကျောင်းတိုက်
စျေးကုန်းရပ်ကွက်
မိုးကောင်းမြို့
ကချင်ပြည်နယ်

29/11/2023

Address

Mogaung

Website

Alerts

Be the first to know and let us send you an email when Taikhamti SSNAss posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category