24/09/2025
တချိန်တခါက ရန်ကုန်မြို့တွင် တည်ရှိခဲ့ပြီး ပျောက်ကွယ်ခဲ့သော ကိုလိုခေတ်အဆောက်အဦးများ
(၁) ဂျူဗလီဟော
ရွှေတိဂုံဘုရားလမ်းပေါ်ရှိ 1854 တွင်တည်ဆောက်ခဲ့သော ဗြိတိသျှရုံးကြီးနေရာတွင် ဝိတိုရိယဘုရင်မ နန်းသက် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် 1897 တွင်တည်ဆောက်ပြီးစီးခဲ့ပါသည်။ ထိုင်ခုံပေါင်း ၈၀၀ ဆန့်သောခန်းမ အဖြစ်ပွဲပေါင်းများစွာကျင်းပခဲ့ပြီး ဂျပန်ခေတ် မှာတော့ မဟာဗမာပွဲရုံကြီးအဖြစ် နာမည်ပြောင်းလဲခဲ့ပါသည်။ ၁၉၄၇ အာဇာနည်ခေါင်းဆောင်များရဲ့ ရုပ်အလောင်းများကို (၆) လတိုင်တိုင် အများပြည်သူများ ဂါရဝပြုနိုင်အောင်လည်း ပြသရာနေရာဖြစ်သည်။ သို့သော် ၁၉၇၅ ငလျင်ဒဏ်မှာ ထိခိုက်မှုအနည်းငယ်သာရှိခဲ့သော်လည်း ၁၉၈၅ ဗိုလ်ချုပ်နေဝင်းအစိုးရမှ ကိုလိုနီအငွေ့အသက်များ ဖယ်ရှားသည့်အနေဖြင့် အဆောက်အဦးကြီးကို ဖြိုချခဲ့သည်။
(၂) ဘုရင်ခံအိမ်တော် (သို့) သမ္မတအိမ်တော်
ပြည်လမ်းနှင့် အလုံလမ်းထောင့်ရှိ ဧက ၉၀ ကျော်ရှိသော မြေကွက်လပ်တွင် British Architect Hoyne Fox မှ ဒီဇိုင်းဆွဲပြီး 1892 - 1895 အတွင်းတည်ဆောက်ခဲ့သည်။ 1948 လွတ်လပ်ရေးရပြီးသမ္မတ စဝ်ရွှေသိုက်၊ ဦးဘဦး၊ မန်းဝင်းမောင် တို့နေထိုင်ခဲ့သည်။ ထို့နောက် ၁၉၇၀ ငလျင်ကြောင့်ပျက်စီးနေသည်ကို အကြောင်းပြကာ ၁၉၈၀ တွင်ဖျက်စီးခဲ့ပြီး ရန်ကုန်လွတ်တော်ကို တည်ဆောက်ခဲ့သည်။
(၃) ဂျင်ခနာ ကလပ်
တချိန်က ကိုလိုနီခေတ်ရန်ကုန်တွင် နာမည်ကြီး အပန်းဖြေကလပ် အဖြစ် Pegu Club နှင့် ဂျင်ခနာကလပ်က ထင်ရှားခဲ့သည်။ 1904 တွင်ဖွင့်လစ်ခဲ့ပြီး ရေကူးကန်၊ မြင်းကွင်း၊ ကပွဲခန်းမ၊ ဖျော်ဖြေရေးခန်းမများ ပါဝင်ခဲ့သည်။ အင်္ဂလိပ်အရာရှိများနှင့် သူဌေးများသာ ဝင်ခွင့်ရပြီး Burmese Days စာရေးဆရာ George Orwell ကလည်း ပုံမှန်ဖောက်သည်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကြောင့်အစိတ်အပိုင်းတချို့ထိခိုက်ခဲ့ပြီး ၁၉၅၀ တွင် အပြီးပိတ်သိမ်းခဲ့သည်။ အဆိုပါနေရာတွင် ကလေးဆေးရုံ နှင့် အမျိုးသမီးဆေးရုံ တည်ဆောက်ခဲ့သည်။
(၄) Whiteway Laidlaw & Co ကုန်တိုက်
တချိန်က ဖယ်ရာလမ်း (ပန်းဆိုးတန်းလမ်း) နှင့် ကုန်သည်လမ်း ထောင့်တွင် ဝှိုက်ဝေးကုန်တိုက်ကြီး ရှိခဲ့ဖူးသည်။ ဝှိုက်ဝေးသည် India, Singapore တွင်ရုံးခွဲများဖြင့် တင်သွင်းကုန်လုပ်ငန်းဆောင်ရွက်သော ကုန်တိုက်ကြီးဖြစ်သည်။ အဆိုပါ ကုန်တိုက်ကြီးကို Mr. Hoyne Fox က ဒီဇိုင်းဆွဲခဲ့ပြီး သူသည် ရန်ကုန်ဆေးရုံကြီး တရားရုံးအစရှိသည် ထင်ရှားသည့်
အဆောက်အဦးများကို ဒီဇိုင်းဆွဲခဲ့သူလည်းဖြစ်သည်။
မြေညီထပ်မှ တတိယထပ်သည် အဝတ်အထည်များ ဖန်ထည်များ အစရှိသည့် ကုန်ထည်များရောင်းချပြီး တတိယထပ်သည် ရုံးခန်းနှင့် လူများနေထိုင်ရာနေရာဖြစ်သည်။ ရန်ကုန်တွင် ဦးစွာ ဓာတ်လှေကား လျှပ်စစ်ပန်ကာ တပ်ဆင်ထားသော အဆောက်အဦးဖြစ်ပြီး မှန်ချပ်များနှင့် လှပစွာတည်ဆောက်ထားသည်။၁၉၀၀ နှင့် ၁၉၃၀ တွင် လူစည်ကားရာနေရာလည်းဖြစ်ခဲ့သည်။ ၂၀၀၀ ခုနစ်အစောပိုင်းတွင် လယ်ယာစာရင်းရုံးအဖြစ်မှ မီးလောင်ပျက်စီးခဲ့ပြီး ယခုထိုနေရာတွင် ကွန်ဒိုမီနီယမ် အဆောက်အဦးနှင့် ရွှေဘဏ်ကို ဖွင့်လှစ်ထားသည်။
(၅) မစ်တိုမစ်ရှင်ဟိုတယ် (Minto Mansions Hotel)
မင်တိုမစ်ရှင်ဟော်တယ်သည် ၁၉၀၀ ဝန်းကျင်တွင် The Strand, The Royal Hotel တို့နှင့် အပြိုင်နာမည်ကြီးသော ဟော်တယ်ကြီးဖြစ်သည်။ သူ့သမိုင်းကိုတော့ သေသေချာချာ မသိသေးပါဘူး သေချာတာက ကြီးကျယ်ခန်းနားတဲ့ အဆောက်အဦး နဲ့ လှပခမ်းနားပြီး လျှပ်စစ်ဓာတ်လှေကားတပ်ဆင်ထားတဲ့ ရန်ကုန်မြို့ အကြီးဆုံးဟော်တယ်ဆိုတာပါပဲ။ ထိုအချိန်က ရန်ကုန်မှာ ပြင်သစ်စာ အကောင်းဆုံးဟော်တယ်လို့တောင် တင်စားခဲ့ပါတယ်။
World War 2 မှာ ဂျပန်များက နီပွန်ကလပ်အဖြစ်ဖွင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း မင်္ဂလာညစာ ကျွေးခဲ့တဲ့ ဟော်တယ်လည်း ဖြစ်ပါတယ်။ အင်္ဂလိပ်များ မြန်မာပြည် ပြန်အဝင်ကာလမှာ ရန်ကုန်မြို့ ဗုံးအများဆုံး အကြဲခံခဲ့ရတဲ့ Halpin လမ်းတဝိုက်မှာ ပျက်စီးခဲ့တဲ့ အဆောက်အဦးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။
(၆) စာတိုက်ကြီးအဟောင်း (ကမ်းနားလမ်း)
မူလစာတိုက်ကြီးအဆောက်အဦးသည် ကမ်းနားလမ်းနှင့် ၃၂ လမ်းထောင့်တွင်တည်ရှိခဲ့သည် (ယခု KBZ bank - Strand Square) အဆိုပါအဆောက်အဦးကို ၁၈၅၄ ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး ၁၉၃၀ ငလျင်ကြောင့် ပျက်စီးခဲ့သည်။ ၁၉၃၆ တွင် စာတိုက်ကြီးကို ကမ်းနာနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Bulloch Brothers ဆန်ရောင်းဝယ်ရေးရုံးနေရာတွင် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
Reference: Wikipedia, Thant Myint U, Rangoon in the past