17/02/2026
စစ်ကောင်စီလေကြောင်းကို မိုဘိုင်းဖုန်းမှတစ်ဆင့် အလိုအလျောက်အချက်ပေးသံမြည်စေမည့် "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်
----------------------------------------------------------
YAW Media (Yaw Assiduity Waves)
ဖေဖော်ဝါရီ၊ ၁၇၊ ၂၀၂၆
စစ်ကောင်စီလေကြောင်းကို မိုဘိုင်းဖုန်းမှတစ်ဆင့် အလိုအလျောက်အချက်ပေးသံမြည်စေမည့် "ဝေဟင် ကင်းထောက်"စနစ်ကို စတင်အသုံးပြုနိုင်ပြီဟု ဝေဟင်ကင်းထောက် အဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအန္တရာယ်များပြားလာနေသည့်အတွက် မိမိရှိရာ မြို့နယ်အနီးသို့ လေယာဉ်များ ချဉ်းကပ်လာပါက ဖုန်းမှတစ်ဆင့် အလိုအလျောက် အချက်ပေးအသံမြည်မည့် “ဝေဟင် ကင်းထောက် Warning System” သစ်တစ်ခုဖြစ်သည်ဟု သိရသည်။
အဆိုပါစနစ်သည် မိမိနေထိုင်ရာ မြို့နယ်၏ ပတ်လည် ၈၀ ကီလိုမီတာမှ ၁၀၀ ကီလိုမီတာအတွင်း လေယာဉ်ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖုန်းမှတစ်ဆင့် Alarm မြည်ကာ အသိပေးမည်ဖြစ်သောကြောင့် လေယာဉ်မရောက်ရှိမီ မိနစ်အနည်းငယ်ခန့် ကြိုတင်ပြင်ဆင်ချိန်ရရှိကာ ဘေးလွတ်ရာသို့ အချိန်မီ ရှောင်တိမ်းနိုင်မည်ဖြစ်သည့် စနစ်ဖြစ်သည်။
လက်ရှိရရှိထားသည့် သတင်းအချက်အလက် Data များအရ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ချင်းနှင့် ကချင်ဒေသများတွင် အကျိုးပြုမှု အားကောင်းမည်ဖြစ်သော်လည်း သတင်းပေးပို့မှု အားနည်းသေးသည့် ရခိုင်၊ ကရင်၊ ဧရာဝတီ၊ ရှမ်း၊ ပဲခူး၊ ကရင်နီနှင့် တောင်ပိုင်းဒေသများတွင်မူ ထိရောက်မှု အားနည်းနိုင်သေးကြောင်း သိရသည်။
ယင်းစနစ်သည် ပြည်သူအချင်းချင်း ပေးပို့သည့် သတင်းအချက်အလက်များအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်၍ လေယာဉ်ဖြတ်သန်းမှု သတင်းများကို ဝေဟင် ကင်းထောက်၏ Telegram Bot မှတစ်ဆင့် ပြန်လည်မျှဝေပေးခြင်းဖြင့်လည်း အပြန်အလှန် ကူညီစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၇၀ ကျော်အထိ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ပြီး
ထိုကဲ့သို့ အသက်အန္တရာယ် ထိခိုက်မှုများကို လျှော့ချနိုင်ရန်အတွက် ယခုကဲ့သို့ နည်းပညာအခြေခံ ကြိုတင်သတိပေးစနစ်များကို ဖော်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။
လေကြောင်းအန္တရာယ် Warning System အသုံးပြုနည်းလမ်းညွှန်များအား ပူးတွဲဖော်ပြထားသည်။
၁။ ဖုန်းထဲတွင် Firefox Browser ကို အသုံးပြု၍ www.waihinscout.com သို့ ဝင်ရောက်ပါ။
၂။ Website Menu ရှိ Alert Settings ကို နှိပ်ပြီး မိမိလက်ရှိနေထိုင်သည့် တိုင်းဒေသကြီးနှင့် မြို့နယ် ကို ရွေးချယ်ပါ။
၃။ Alert Distance တွင် မိမိအချက်ပေးစေလိုသည့် အကွာအဝေး (ဥပမာ - 80 km သို့မဟုတ် 100 km) ကို သတ်မှတ်ပါ။
၄။ "SOS Alarm" နှင့် "Browser Notification" တို့ကို အမှန်ခြစ် (On) ပေးထားပြီး Browser မှ Audio Permission တောင်းခံပါက Allow (ခွင့်ပြုသည်) ကို နှိပ်ပါ။
၅။ အချက်ပေးစနစ် အမြဲတမ်း အလုပ်လုပ်နေစေရန် Browser Tab ကို ပိတ်မပစ်ဘဲ နောက်ကွယ် (Background) တွင် ဖွင့်ထားပေးရန် လိုအပ်ပါသည်။
ပုံစာ - ဖေဖော်ဝါရီ ၅ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည့် မိအယ်ကျေးရွာ မြင်ကွင်း ဖြစ်သည်။